“နောင်မှာ ပူဖောင်းကြီးမှ အပေါက်ခံမယ့်အစား အကြွေးတွေကို ဖြည်းဖြည်းချင်းလျှော့ချတာက ပိုကောင်းတာပေါ့”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ IMF Mission Chief Shanaka Jayanath Peiris နှင့်တွေ့ဆုံခြင်း

အမေရိကန်ပြည်ထောင်စု၏မြို့တော် ဝါရှင်တန်ဒီစီအခြေစိုက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund – IMF သည် မြန်မာနိုင်ငံအပါအဝင် ၁၈၉ နိုင်ငံပါဝင်သည့် အဓိကနိုင်ငံတကာငွေကြေးဘဏ္ဍာရေး အဖွဲ့အစည်းကြီးဖြစ်ပြီးအစိုးရများစွာကိုလည်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံဥာဏ်များပေးနေသည်။ IMF သည် မြန်မာအစိုးရကိုလည်း စီးပွားရေးဘဏ္ဍာရေးအကြံပေးနေပြီး မြန်မာ့စီးပွားရေးသုံးသပ်ချက်များကို ပုံမှန်ထုတ်ပြန်လျက်ရှိသည်။ လက်ရှိမြန်မာ့စီးပွားရေး၏လားရာနှင့် အခက်အခဲများ၊ အခွင့်အလမ်းများအကြောင်း IMF ၏ မြန်မာနိုင်ငံဆိုင်ရာ Mission Chief ဒေါက်တာ ရှန်နကာ ဂျရန့် ပဲရီစ်ကို ဝါရှင်တန်ဒီစီတွင်ရောက်ရှိနေသော The Voice Weekly Journal အယ်ဒီတာက ဝါရှင်တန်ဒီစီတွင် ဧပြီလကုန်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Voice – မြန်မာ့စီးပွားရေးအတွက် အန္တရာယ်ပေးနိုင်တဲ့ နှစ်ချက်ကို IMF က ထောက်ပြထားတယ်။ ပထမတစ်ခုက ရခိုင်အရေးပါ။ ဒုတိယကတော့ ဘဏ်တွေကိစ္စ။ ရခိုင်အရေးဆိုရင် ခုမှ ရုပ်လုံးပေါ်လာနေတုန်းရှိသေးတယ်လို့ ပြောသွားပါတယ်။ ရခိုင်အရေးဘယ်လိုမြင်လဲ။

SJP – ခင်ဗျားပြောသလိုပါပဲ။ မသေချာမရေရာတဲ့ကိစ္စတွေကို ကျွန်တော်တို့ ထောက်ပြတယ်။ အဲဒီနှစ်ချက်က အဓိကဟာတွေပါ။ ရခိုင်အရေးနဲ့ပတ်သက်ရင် သက်ရောက်နိုင်တဲ့လမ်းကြောင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက အစိုးရဘတ်ဂျက်ပေါ် သက်ရောက်နိုင်တယ်၊ အဓိကက အလှူရှင်တွေဆီက လာမယ့်ငွေတွေ။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့သဘောထား၊ အဓိကအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ။ ဒါက အဓိကလမ်းကြောင်းတွေ။ ခုမှ ရုပ်လုံးပေါ်လာနေတုန်းပဲလို့ ကျွန်တော်တို့ပြောတယ်။ ဒီနေရာမှာ တတိယလမ်းကြောင်းဝင်လာတယ်။ ‘ဘယ်လောက်အထိ ဒီအကျပ်အတည်းက ကြာမလဲ’ ဆိုတဲ့မေးခွန်း။ ၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ပြောတာတွေအပါအဝင် အခြေခံတွက်ချက်တုန်းက ဒီအကျပ်အတည်း သိပ်မကြာဘူးလို့ ယူဆပြီးတွက်ထားတာ။ ဒါပေမဲ့ ဒီအကျပ်အတည်းက ပိုကြာသွားရင်၊ ကြာလေလေ စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်လေလေဖြစ်မယ်။ ဒါက ရခိုင်အရေးမှာ နောက်ထပ်ထည့်တွက်ရမယ့်အချက်ပေါ့။

Voice – ဒါဆို အကျပ်အတည်း တာမရှည်ရလေအောင် ဘယ်လိုလုပ်မလဲ။

SJP – ဒါတွေက အစိုးရကိုမေးရမယ့် မေးခွန်းတွေ(ရယ်လျက်)။ မြန်မာနိုင်ငံသားတွေ၊ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံနဲ့ အစိုးရက ဆုံးဖြတ်ရမယ့်ကိစ္စတွေ။ စီးပွားရေးရှုထောင့်ကနေဆိုရင် ကျွန်တော်တို့ဖြစ်စေချင်တာက ဒါနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးမှာ တိုးတက်စေချင်တာပါ။ လူတွေ ပြန်လက်ခံတာ၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး။ ဒါတွေအားလုံးက တကယ်တမ်း Myanmar Sustainable Plan ထဲမှာ ရေးထားပြီးသားတွေပါ။ အဲဒီ Plan ထဲမှာချထားတဲ့ ရခိုင်အပါအဝင် ရည်မှန်းချက်တွေသာပြည့်မီရင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပံ့ပိုးဖို့များပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်တဲ့နေရာတွေမှာသာ တိုးတက်မှုရှိရင် အဆင်ပြေမယ်။ အလှူငွေတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ။ Investor Sentiment ။

Voice – မြန်မာ့စီးပွားရေးနှေးတယ်လို့ ထင်သူတွေ အများကြီးရှိတယ်။ IMF ကတော့ စီးပွားရေးကောင်းတယ်လို့ ပြောသွားတယ်။ ဘာဖြစ်လို့လဲ။

SJP – စီးပွားရေးက တကယ်နှေးသွားတယ် ၂၀၁၆မှာ။ အစိုးရရဲ့ပထမနှစ်မှာလည်း နှေးသွားတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ အခြေအနေပြန်ကောင်းလာတယ်။ စီးပွားရေးပြန်တက်တဲ့အခါ လူတွေကတက်လာတယ်လို့ ချက်ချင်းမခံစားရဘူး။ အချိန်ယူရတယ်။ ဒါပေမဲ့ အဲဒီလိုတက်လာတာကို ကုန်ထုတ်လုပ်ရေးနဲ့ အထည်ချုပ်လုပ်ငန်းမှာ ထင်ထင်ရှားရှား တွေ့ ရပါတယ်။ လယ်ယာလုပ်ငန်းမှာလည်း တွေ့ရတယ်။

Voice – ခင်ဗျားတို့ ဒုတိယပြောသွားတာက ဘဏ်တွေအကြောင်း။ စည်းမျဉ်းစည်းကမ်းအသစ်တွေချတယ်။ ဘဏ်တွေကလည်း ထအော်ကြတယ်။ ‘ဟာ၊ စည်းမျဉ်းစည်းကမ်းတွေက ကျပ်လိုက်တာ၊ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ’ ဆိုပြီး။ ဒီတိုင်းဆို ဘဏ်တွေပြိုမယ်၊ စီးပွားရေးပါလိုက်ပြိုမယ်။ သူတို့က တွန်းအားကြီးကြီးပေးနိုင်တဲ့ အုပ်စုကြီးလည်းဖြစ်တယ်။ ဒါတွေ ရွှေ့ဆိုင်းပေးပါလို့ တောင်းဆိုနေတယ်။ ဗဟိုဘဏ်ကကျပြန်တော့ ဒီလိုလုပ်မှဖြစ်မယ်လို့ဆိုတယ်။

SJP – (မေးခွန်းကို မဖြေခင်) အခြေအနေကို အရင်ရှင်းပြမှဖြစ်မယ်။ လွန်ခဲ့တဲ့ လေး၊ငါးနှစ်အတွင်းမှာ ချေးငွေတွေက အရမ်းမြန်မြန် တိုးလာခဲ့တယ်။ တချို့နှစ်တွေမှာ ၅၁ရာခိုင်နှုန်းတောင်ကျော်တယ်။ အရမ်းကိုမြန်တယ်။ ဒါ့ကြောင့် ချေးငွေကြီးထွားမှုကြီးပေါ်လာတယ်။ ဘဏ်တွေ ဒုက္ခမရောက်အောင် ထိန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက နိုင်ငံတကာစံနှုန်းတွေထဲက အနိမ့်ဆုံး အခြေခံအကျဆုံး စံတွေကိုတောင် မမီဘူး။ အဲဒီတော့ လူတွေက အချိန်မှန်မှန် ပြန်မဆပ်ဘူး။ ငွေပြန်မပေးလည်း non-performing loan အဖြစ်
မသတ်မှတ်ဘူး။ တခြားဘယ်နိုင်ငံမှာမဆိုထားရှိတဲ့ အန္တရာယ်မဖြစ်အောင် ထိန်းကျောင်းထားတဲ့ ပုံမှန် အထိန်းအကျောင်းတွေမရှိဘဲ ချေးငွေကြီးထွားမှုကြီး ဖြစ်လာတာ။

အခု စည်းမျဉ်းစည်းကမ်းသစ်တွေက ပထမဆုံးခြေလှမ်းပါ။ အခြေခံအကျဆုံး ဘဏ္ဍာရေးစည်းမျဉ်းတွေပါ။ အဲဒီခြေလှမ်းက နိုင်ငံအားလုံးနီးနီးလှမ်းပြီးလို့ တချို့ဆို နောက်တစ်ဆင့်တောင် သွားနေကြပြီ။

ဒါ့ကြောင့် ဘဏ်အသိုင်းအဝိုင်းကပြောတဲ့ အရမ်းတင်းကျပ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒီအဆင့်က နိုင်ငံအားလုံးနီးနီး ရောက်ပြီးပါပြီ။ အဲဒီတော့ တင်းကျပ်တယ်လို့ပြောဖို့ သိပ်ခက်တယ်။ မတင်းကျပ်ဘူးပြောလို့ လွယ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သိပ်ခက်တဲ့လမ်းကြောင်းဆိုတာ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လုံးလုံး ဇိမ်ကျခဲ့တော့ ပြန်ပြင်ထိန်းညှိရင် နာကျင်လိမ့်မယ်။

ပြီးတော့ ဘဏ်တွေမှာထည့်ထားတဲ့ အရင်းငွေက နိမ့်နေတယ်။ ဒီတော့ ဘဏ်ပိုင်ရှင်တွေဟာ အရင်းငွေပမာဏကို သူတို့ ဘာသာတိုးချင်တိုး။ မတိုးရင် အရင်းထပ်ထည့်ဖို့ မိတ်ဖက်တွေရှာရမယ်။ ဒါတွေဟာ ခက်ခဲတယ်၊ ကုန်ကျစရိတ်များတယ်။ ဒီတော့ အကျိုးစီးပွားထိခိုက်မှာစိုးတဲ့ ဘဏ်တချို့က စောဒကတက်မှာပေါ့။ ဒါပေမဲ့ စနစ်ကို ခိုင်ခိုင်လုံလုံတိုးချဲ့ဖို့ ဒီစည်းမျဉ်းတွေကလိုတယ်။ စနစ်မကျဘဲ စနစ်ကိုတိုးချဲ့တာကို ရှောင်ရှားသင့်တယ်။ စနစ်ကို မခိုင်လုံဘဲ တိုးချဲ့တာဟာ ပိုကြီးမားတဲ့ပြဿနာတွေ ဖန်တီးတာပဲ။ နောင်ကျရင် ပိုကြီးတဲ့ ပူဖောင်းပေါက်မယ်။

နောင်မှာ ပူဖောင်းကြီးမှ အပေါက်ခံမယ့်အစား အကြွေးတွေကို ဖြည်းဖြည်းချင်းလျှော့ချတာက ပိုကောင်းတာပေါ့။ ၂၀၀၃ မှာဖြစ်ခဲ့တဲ့ ဘဏ်အကျပ်အတည်းလိုမျိုး ဘဏ်အကျပ်အတည်းဖြစ်မှာကို ဘယ်သူမှ မလိုလားဘူး။ အဲဒီတုန်းက အရမ်းနာသွားတယ်။ ဒါ့ကြောင့် အဲလိုအကျပ်အတည်းမျိုးကို ရှောင်ရှားဖို့အတွက် ဖြည်းဖြည်းချင်း ပြုပြင်ယူစေချင်တယ်။

Voice – အဲဒီအခြေအနေကို မထိန်းနိုင်ရင် ဘာတွေဖြစ်မလဲ။ အိမ်ခြံမြေထိနိုင်တယ်လို့ ခင်ဗျားတို့ IMF က ပြောတယ်။

SJP – ဘဏ်တွေက အရင်းထပ်ထည့်ဖို့ ငွေလိုက်ရှာရမယ်။ သူတို့က အရင်းထပ်မထည့်ချင်ကြဘူး။ ငွေချေးတာပဲ လျှော့ချင်ပုံရတယ်။ ဘာလို့လဲဆိုတော့ အရင်းငွေနဲ့ ငွေချေးတာနဲ့က တိုက်ရိုက်ဆက်စပ်နေတယ်။ ငွေရင်းများမှ ပိုချေးလို့ရတယ်။ ငွေချေးတာ နည်းနည်းလျော့သွားရင် အိမ်၊ ခြံ၊ မြေတို့ ဆောက်လုပ်ရေးတို့ထဲကို ငွေဝင်တာနည်းသွားမယ်။ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ ဖြည်းဖြည်းချင်း ကျချင်ကျသွားမယ်။ ကုမ္ပဏီတွေကသုံးတာ လျှော့ချင်လျှော့မယ်။ ဒါတွေကြောင့် စီးပွားရေး နည်းနည်းလေး နှေးချင်နှေးသွားမယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်းဆောင်ရွက်မယ်ဆိုရင် သိပ်ပြီးနာကျင်မှာမဟုတ်ဘူးလို့ မျှော်လင့်စရာပါ။ စနစ်ကို ပြန်တောင့်တင်းအောင်လုပ်တာဖြစ်တဲ့အတွက် စနစ်ပြန်တောင့်တင်းသွားရင် အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မယ်။ ဒါ့ကြောင့် အရေးကြီးတာက အကျပ်အတည်းကြီးကြီးကိုရှောင်ပြီး တဖြည်းဖြည်းချင်း ပြင်ယူဖို့ပါ။

ထုတ်ပြန်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းနောက်တစ်ခုက ဘဏ်တွေကို သုံးနှစ်အချိန်ပေးထားတယ်။ ဒီအကြွေးတွေကို ပြောင်းပစ်ဖို့၊ သူတို့အရင်က မသိခဲ့တဲ့ ပျက်ကွက်ချေးငွေတွေကိုဖော်ထုတ်ဖို့။

အာဏာပိုင်တွေ လုပ်နေတာက ကာလလတ်(သုံးနှစ်)နဲ့ တဖြည်းဖြည်းချင်း ပြုပြင်တဲ့စီမံချက်ပါ။ ဒါက နိုင်ငံတကာစံချိန်မီဖို့ ပထမဆုံးခြေလှမ်းပါ။ ဒါကြောင့် လိုအပ်တဲ့ခြေလှမ်းဖြစ်တယ်။

Voice – မြန်မာစီးပွားရေးကို နိုးထလာအောင် လှုပ်နိုးဖို့လိုတယ်လို့ စီးပွားရေးသမားကြီးတချို့နဲ့ ပညာရှင်တချို့က မြင်တာတွေရှိတယ်။ လှုပ်နှိုးဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းနေတာတွေလည်းရှိတယ်။ မြန်မာ့စီးပွားရေးလှုပ်နိုးဖို့ လိုအပ်နေပြီလား။

SJP – စီးပွားရေးက ပြန်တက်နေပြီလေ။ ဒီတော့ ကြီးကြီးမားမား လှုပ်နှိုးဖို့လိုမယ်။ ကျွန်တော်တို့ မထင်ဘူး။ အစိုးရကတော့ အခြေခံအဆောက်အဦ၊ ကျန်းမာရေးနဲ့ ပညာရေးတို့မှာ ငွေပိုသုံးစွဲသင့်တယ်။ ဒီတော့ ကြည့်လိုက်ရင် ဘဏ္ဍာရေးလိုငွေပြမှု ပိုကြီးလာအောင် ကျွန်တော်တို့က အဆိုပြုနေတာပဲ။ အရင်က ၂ ဒသမ ၅ ရာခိုင်နှုန်း။ ရှေ့နှစ်ဆို ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ၄ ဒသမ ၅ ရာခိုင်နှုန်းတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ ကျွန်တော်တို့က ပြောနေတာလည်း စီးပွားရေးလှုပ်နှိုးဖို့လို ဖြစ်နေတယ်။ ဒီတော့ တစ်နည်းအားဖြင့် ဘဏ္ဍာရေးလိုငွေပြမှု ကြီးလာအောင်၊ တစ်နည်းအားဖြင့် စီးပွားရေးလှုပ်နှိုးအောင် ကျွန်တော်တို့က အဆိုပြုနေတာပဲ။ ဒါပေမဲ့ စီးပွားရေးကို လှုပ်နှိုးတဲ့အခါ အခွန်လျှော့ကောက်ပြီး လှုပ်နိုးဖို့ပြောနေတာမဟုတ်ဘူး။ အစိုးရက ပိုသုံးစွဲဖို့၊ ဝင်ငွေတိုးလာအောင်လုပ်ရင်း လှုပ်နှိုးဖို့ပြောနေတာ။

Voice – အခွန်ကနေလား။

SJP – ဟုတ်တယ်။ အခွန်ကနေ။ ပြီးရင် ပြည်ပက ငွေကြေးထောက်ပံ့မှုကနေ၊ အထူးသဖြင့် အခြေခံ အဆောက်အဦဆောက်လုပ်ဖို့ ငွေကြေးတွေကနေ။ ပြင်ပက ငွေကြေးလိုအပ်တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီချင်စိတ်ရှိဖို့ အရေးကြီးပါတယ်။

နိုင်ငံတကာအကူအညီမပါဘဲ အစိုးရက ပိုက်ဆံသုံးတာမြှင့်လိုက်မယ်ဆိုရင် ဗဟိုဘဏ်ကိုသွားပြီး ငွေစက္ကူရိုက်ခိုင်းတာမျိုးတွေ ဖြစ်လိမ့်မယ်။ အဲဒါဆို ငွေကြေးဖောင်းပွတာတွေ၊ ငွေလဲလှယ်နှုန်းလှုပ်တာတွေ ဖြစ်လာမယ်။

ဒါ့ကြောင့် တစ်နည်းအားဖြင့် စီးပွားရေးလှုပ်နှိုးတာပဲဖြစ်တဲ့ ငွေကြေးပိုသုံးစွဲသင့်တယ်လို့ ခင်ဗျားတို့ကပြောရင် ဒီလိုသုံးစွဲတာကို ကျွန်တော်တို့သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆိုပြုနေတာက ဒီလိုသုံးတာက အခွန်ဝင်ငွေအပေါ် အခြေခံသင့်တယ်။ ပြီးတော့ ပြည်ပအထောက်အပံ့နဲ့ ဖြစ်သင့်တယ်။ ဒါဆိုရင် ရေရှည်လည်းဆောင်ရွက်နိုင်မယ်၊ တည်ငြိမ်မှုကိုလည်း ထိခိုက်မှာမဟုတ်ဘူး။ အစိုးရက ငွေစက္ကူ ရိုက်ထုတ်တာကိုလည်း လျော့စေလိမ့်မယ်။ ဗဟိုဘဏ်ငွေနဲ့ သုံးစွဲတာ ကျဆင်းသင့်တယ်။

Voice – ငွေကြေးဆိုင်ရာ လှုပ်နှိုးမှုလို့ခေါ်တဲ့ အတိုးနှုန်းလျှော့ချတာကိုရော ဘယ်လိုသဘောရလဲ။ တချို့အဖွဲ့တွေက အတိုးနှုန်းကို ၂ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်တောင် လျှော့ချစေချင်တယ်။

SJP – မြန်မာနိုင်ငံက အတိုးနှုန်းတွေက မမြင့်ပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်းက ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းလောက်ရှိတယ်။ ဘဏ်တွေသွားအပ်ရင်ပေးတဲ့ အတိုးနှုန်းက ၇၊ ၈ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါ့ကြောင့် တကယ်ပေးတဲ့အတိုးနှုန်းက သိပ်နည်းပါတယ်။

ဒီတော့ ဘဏ်တိုးတွေကို ငွေကြေးဖောင်းပွမှုနှုန်းအောက် ရောက်အောင်ချလို့မဖြစ်ဘူး။ ဒီတော့ သိပ်လျှော့စရာမကျန်ဘူး။

ဒါပေမဲ့ ကာလလတ် (သုံးနှစ်ကိုဆိုလိုသည်) မှာတော့ ဘဏ်တွေကပေးတဲ့ အတိုးနှုန်းကို ဖြေလျှော့ပေးချင်ပေးနိုင်ပါသေးတယ်။ အခု မဟုတ်သေးဘူးနော်။ ငွေချေးယူသူတချို့တွေ ပိုသက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေရနိုင်တယ်။ စီးပွားရေးဘဏ်တွေက ဘဏ်တိုးနှုန်းကို ပိုပြီးပြောင်းလွယ်ပြင်လွယ် ထားလို့ရနိုင်တယ်၊ အနာဂတ်မှာပြောတာ။ ပိုနိမ့်တဲ့အတိုးနှုန်း နိုင်ငံက လိုနေတာမဟုတ်ပါဘူး။ ပိုပြီး ပြင်လွယ်ပြောင်းလွယ်ရှိတဲ့ အတိုးနှုန်းတွေ လိုနေတာပါ။ လေ့လာစိစစ်ပြီး လိုက်ဖက်တဲ့အတိုးနှုန်းတွေ ပိုချလို့ရတယ်။ ငွေချေးတဲ့ ဒီလူက ဒီအတိုးနှုန်းနဲ့ရမယ်။ ဟိုလူက ဟိုအတိုးနှုန်းနဲ့ ရမယ်မျိုး။ ဥပမာ – ငွေပုံမှန်ပြန်ဆပ်တဲ့ ငွေချေးယူသူတွေ အတိုးသက်သက်သာသာနဲ့ ရသင့်တယ်။ ဒါမျိုးပြုပြင်ပြောင်းလဲရေးက ကာလလတ်ပြုပြင်ပြောင်းလဲရေးပါ။ ဒီတော့ အတိုးနှုန်းတွေကို ပြုလွယ်ပြင်လွယ်ဖြစ်အောင် ဆောင်ရွက်တာက ရှေ့ဆက်လုပ်ဆောင်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးပါ။

Voice – ဒါဆို ဘဏ်တွေပေါ် မူတည်မှာပေါ့။

SJP – ဘဏ်တွေပေါ်တည်တာပေါ့။ ခုလောလောဆယ်က ဘယ်နှုန်းအောက် မလျော့ရဘူး၊ ဘယ်နှုန်းထက် ပိုမချေးရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတယ်မဟုတ်လား။ ဖြည်းဖြည်းချင်းနဲ့ အတိုးနှုန်းတွေကို ဖြေလျှော့သွားဖို့ ကျွန်တော်တို့ ပြောနေတာပါ။ ဒါမှ ဘဏ်တွေ သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပိုရလာမယ်။ အခုတော့ မဟုတ်ပါဘူး။ ခဏလောက်ကြာပြီးမှလုပ်ဖို့ပြောတာပါ။ ဘဏ်တွေ ငွေရင်းထပ်ထည့်ပြီးရင် လုပ်လို့ရတယ်။ အပြောင်းအလဲ ကြီးကြီးမားမားလုပ်နေချိန်မှာ နောက်တစ်ခုမလုပ်တာ ကောင်းတယ်။ ဒီတော့ ဘဏ်တွေက ငွေရင်းထပ်တိုးရမယ်။ ဆုံးသွားတဲ့ချေးငွေတွေကို မှတ်တမ်းတင်ရမယ်။ ပြီးရင် အတိုးနှုန်းတွေကို ပြောင်းလွယ်ပြင်လွယ်လုပ်လို့ရတယ်။

Voice – ၂၀၁၈ အခွန်ဥပဒေကြမ်းမှာ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စာပိုဒ်တစ်ခုပါခဲ့တယ်။ ဒါပေမဲ့ အဲဒါက ဥပဒေဖြစ်သွားချိန်မှာ အဲဒီစာပိုဒ်ကပြုတ်သွားတယ်။ ဘာကြောင့်လို့ထင်လဲ။

SJP – ဘာဖြစ်သွားလဲတော့ ကျွန်တော်မသိပါဘူး။ ဘောဂဗေဒပညာရပ် သဘောအရတော့ ကောင်းကွက်ရော ဆိုးကွက်ရောရှိတယ်။

အစိုးရထဲက တချို့က အချိန်မတန်သေးဘူးလို့ စဉ်းစားပုံရတယ်။ အချိန်မတန်သေးဘူးလို့ ကျွန်တော်တို့လည်း ထင်ပါတယ်။ အခွန်ပြုပြင်ပြောင်းလဲမှုကနေ နိုင်ငံအကျိုးဖြစ်ထွန်းစေမယ့် အခြေခံတွေ မရှိသေးဘူး။ ပိုကောင်းတဲ့အုပ်ချုပ်မှု၊ အခွန်လာပေးသူတွေကို ဘယ်လိုလုပ်ရမလဲ၊ စည်းမျဉ်းစည်းကမ်းတွေလိုက်နာအောင် ကြပ်မတ်ခြင်းဆိုတဲ့ ရှင်းလင်းတဲ့ညွှန်ကြားချက်တွေ၊ ဒါတွေက မြန်မာပြည်မှာ မရှိသေးပါဘူး။ အချိန်မတန်သေးဘူးလို့ ကျွန်တော်တို့ အဆိုပြုခဲ့တယ်။

ဒီတော့ အခွန်ကောက်ခံပုံကောက်ခံနည်း ဥပဒေထုတ်ပြန်ပြီးသွားမှပဲ အခွန်လွတ်ငြိမ်းချမ်းသာခွင့်တွေလုပ်တာ ပိုကောင်းတယ်လို့ ကျွန်တော်တို့ အဆိုပြုခဲ့တယ်။ ပြီးရင်တော့ ဝင်ငွေခွန်ဥပဒေ။ အဲဒီ အခွန်ဥပဒေနှစ်ခု အရင်ထွက်ရမယ်။ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုပိုင်းကို တိုးတက်အောင် နည်းနည်းလုပ်ရမယ်။ အထူးသဖြင့် အာဏာသက်ရောက်အောင်လုပ်တာနဲ့ ကြပ်မတ်တာနဲ့။ အဲဒါတွေ ပြီးတော့မှ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသင့် မပေးသင့် ပြန်စဉ်းစား။ အဲလိုတွေ မပြီးသေးရင် အချိန်မတန်သေးဘူးလို့ ကျွန်တော်တို့ထင်တယ်။ အဲဒီရှုထောင့်ကြောင့် (အခွန်လွတ်ငြိမ်းချမ်းသာခွင့်ကို) ခုလိုရွှေ့ဆိုင်းတာကို ကျွန်တော်တို့ကြိုဆိုပါတယ်။ အခွန်စီမံခန့်ခွဲမှုဥပဒေနဲ့ ဝင်ငွေခွန်ဥပဒေတွေ အရင်ထွက်စေချင်တယ်။

Voice – အနိမ့်ဆုံးလုပ်ခလစာဥပဒေ မထွက်ခင်က ခင်ဗျားတို့(IMF) အကြံပေးခဲ့တာရှိပါတယ်။ အခု အဲဒီဥပဒေက ထွက်သွားပြီ။ အစိုးရယန္တရားထဲက ဝင်ခါစဝန်ထမ်းတွေရဲ့လစာပေါ် သက်ရောက်နိုင်တယ်၊ အစိုးရရဲ့ဘဏ္ဍာရေးအခြေအနေပေါ်လည်း သက်ရောက်နိုင်တယ်လို့ ခင်ဗျားတို့ သတိပေးခဲ့တယ်။ သမ္မတသစ်က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ အစိုးရဝန်ထမ်းလစာအားလုံးကို တိုးမြှင့်ပေးမယ်လို့ ကြေညာလိုက်တယ် (ယခုအချိန်တွင် တိုးမြှင့်လိုက်ပြီဖြစ်သည်။ တွေ့ဆုံမေးမြန်းစဉ်က မတိုးမြှင့်သေး)။ အဲဒီတော့ ခင်ဗျားတို့ ဟောကိန်းမှန်သွားပြီပေါ့။ တိုးလိုက်တာကလည်း ခင်ဗျားတို့ပြောသလို ဝင်ခါစဝန်ထမ်းတွေကိုတောင် မဟုတ်ဘူး။ အကုန်လုံးကို တိုးပေးလိုက်တာ။ ဘယ်လိုသဘောရလဲ။

SJP – အားလုံးကို တိုးမြှင့်ပေးလိုက်တာက ဘယ်လိုပေးမလဲပေါ် မူတည်တယ်။ ကျွန်တော်တို့ အကြံပြုတာက ခင်ဗျားတို့ တိုးပေးချင်ရင်ရတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းတွေရနေတဲ့ တခြားခံစားခွင့်တွေလည်းရှိသေးတယ်။ ဖြေရှင်းနည်းတစ်ခုက ခံစားခွင့်တွေကို လစာငွေရဲ့ အစိတ်အပိုင်းအဖြစ် ထည့်တွက်တာပဲ။ အဲဒါဆို တိုးလာတာကို တချို့တွေမြင်ရမယ်။ အစိုးရအသုံးစရိတ်ကိုလည်း သွားမထိခိုက်ဘူး။ လောလောဆယ်က ခံစားခွင့်တွေကို ငွေနဲ့ပြမထားဘူး။ ခံစားခွင့်တွေကြောင့် ဘယ်လောက်ကုန်ကျနေသလဲ သတိမထားမိ  ကြဘူး။ ဒါ့ကြောင့် တချို့တွေရဲ့ အနိမ့်ဆုံးလုပ်ခလစာက တကယ်ရနေတာအောက် နိမ့်သလို ဖြစ်နေတာ။ အဲဒီတော့ အစိုးရဝန်ထမ်းတွေ တကယ်ရနေတာတွေ အကုန်လုံးကိုသာ ထည့်တွက်ဖော်ပြမယ်ဆိုရင် လစာပေးရတဲ့ အသုံးစရိတ်တိုးမြှင့်တာက သိပ်ကြီးမှာမဟုတ်ဘူး။ ပေးမယ်ဆိုရင် ပေးနိုင်လိမ့်မယ်။

 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *