တံခါးဖွင့်ရုံမှ တစ်ပါး

မြန်မာနိုင်ငံသည် ‘တံခါးဖွင့်ကံ’ မကောင်းခဲ့။ သို့သော် တံခါးဆက် ဖွင့်နေရုံမှတစ်ပါး အခြားမရှိ။

မြန်မာနိုင်ငံသည် ၁၉၄၈ တွင် လွတ်လပ်ရေးရခဲ့ပြီး ကမ္ဘာကြီးတွင် လွတ်လပ်သောနိုင်ငံ ပြန်ဖြစ်လာခဲ့သည်။ လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာကြီးသို့ တံခါးဖွင့်ဆက်ဆံနိုင်ခွင့်ရခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တံခါးပိတ်ခဲ့သည့်အချိန်၊ ဖွင့်သော်လည်း မပွင့်ခဲ့သည့် အချိန်တို့ကသာ လွတ်လပ်ရေးနောက်ပိုင်းကာလကို ကြီးစိုးထားသည်။

၁၉၆၂ မှ ၁၉၈၈ သည် မြန်မာနိုင်ငံဘက်က တစ်ဖက်သတ် တံခါးပိတ်ခဲ့သည့်ကာလဖြစ်သည်။ ထိုစဉ်က ပိတ်ခဲ့သည့်အစိုးရတွင် ပြည်တွင်း နိုင်ငံရေး အကြောင်းတရားများ၊ အရှေ့တောင်အာရှတွင် စစ်အေးတိုက်ပွဲ ပြင်းထန်ချိန်စသော ပြည်ပအကြောင်းတရားများ စသည့် သူ့အကြောင်းများနှင့်သူ စဉ်းစားကောင်းစဉ်းစားခဲ့မည်ဖြစ်သော်လည်း ရလဒ်အရမူ ထိုသို့ပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်ပြတ်သွားခဲ့သည်။ ခြင်၊ ယင်၊ အပုပ်နံ့၊ ဖုန်မှုန်များမဝင်စေရန် ပိတ်လိုက်ခြင်းဖြစ်နိုင်သော်လည်း နေရောင်နှင့် လေကောင်းလေသန့် နုနုအေးအေးတို့ပါ မဝင်နိုင်တော့ချေ။ ပြင်ပကမ္ဘာမှ ဗဟုသုတနှင့် ပညာရပ်တို့သည်လည်း စီးဆင်းဝင်ရောက်ခြင်းမရှိတော့သဖြင့် ပညာပိုင်း စဉ်းစားပုံစဉ်းစားနည်းပိုင်းတွင် ပြတ်ကျန်ခဲ့သည်။ မျိုးဆက်အရလည်း မျိုးဆက်တစ်ဆက် နှစ်ဆက်ထိ အထိနာခဲ့သည်။ ယနေ့တိုင် ထိုဝေဒနာကို မြန်မာသည် ခံစားနေရဆဲဖြစ်သည်။

၁၉၈၈ နောက်ပိုင်းတွင်မူ ၆၂-၈၈ ပိတ်ခဲ့သည့် မူဝါဒကို ပြောင်းလဲကာ မြန်မာသည် တံခါးပြန်ဖွင့်ခဲ့သည်။ သို့သော် ပြည်တွင်းပြည်ပနိုင်ငံရေးများကြောင့် အရေးယူပိတ်ဆို့မှုများ ပေါ်ပေါက်လာသည်။ ထိုပိတ်ဆို့မှုများသည် ထိုစဉ်အစိုးရကို ပစ်မှတ်ထားသော်လည်း ရလဒ်အရ နိုင်ငံနှင့် သာမန်ပြည်သူများကိုပါ ပိတ်ဆို့သလို ဖြစ်သွားသည်။ အစိုးရကိုယ်တိုင်ကလည်း သတင်းအချက်အလက်စီးဆင်းမှုနှင့် ပြည်ပသွားလာခွင့်တို့ကို ယခင်ကထက် ပေးသော်လည်း အတိုင်းအတာတစ်ရပ်ထိ ပိတ်ဆို့ထားခဲ့သည်။ ၈၈ မတိုင်မီကထက်စာလျှင် ပညာဗဟုသုတ၊ ကုန်ပစ္စည်းနှင့် လူစီးဆင်းမှု ပိုများပိုမြန်လာသော်လည်း ပြည်တွင်းနှင့်ပြည်ပ အဟန့်အတားများကြောင့် စီးသင့်သလောက် စီးခွင့်မရသေး။ ထို့ကြောင့် ၁၉၈၈ နောက်ပိုင်းသည် တံခါးဖွင့်သည်ထက် တံခါးဟသည်ဟု ဆိုရမည်ဖြစ်သည်။

၂၀၁၁ နောက်ပိုင်းတွင်မူ အားလုံးသိကြသည့်အတိုင်း တံခါးဖွင့်လိုက်သည်။ ပြုပြင်ပြောင်းလဲရေး အရှိန်မြန်လာသည်နှင့်အမျှ ဖွင့်သော တံခါးသည် ကျယ်လာသည်။ ပြည်ပသို့ သွားရေးလာရေး ပြည်ပမှ ဝင်ရေးထွက်ရေး လွယ်လာသည်။ စာပေစိစစ်ရေးဖျက်သိမ်းလိုက်သည့် နောက်၊ လက်ကိုင်ဖုန်းများ ဈေးသက်သာသွားပြီးသည့်နောက်တွင် သတင်းအချက်အလက်စီးဆင်းမှု မြန်လာသည်။ ပြည်ပမှ ပညာဗဟုသုတများကို ဆည်းပူးနိုင်စွမ်းလည်း အဆမတန်မြင့်မားသွားသည်။ အပုပ်နံ့များ ဝင်ရောက်လာသည်လည်း ရှိသော်လည်း လေကောင်းလေသန့် ဝင်ရောက်ခြင်းက ပိုများသည်။ ပြည်ပအရေးယူပိတ်ဆို့မှုများပါ ပယ်ဖျက်လိုက်သည့်အခါတွင် မြန်မာ့တံခါးသည် ကျယ်ကျယ်လွင့်လွင့် ပွင့်သွားသည်။

သို့နှင့်ပင် ၂၀၁၇ ရောက်လာသည်။ ရခိုင်အရေး ဖြစ်ပွားသည်။ ကမ္ဘာတွင် အုတ်အော်သောင်းတင်းဖြစ်သွားသည်။ မြန်မာသည် ကမ္ဘာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသော နတ်သမီးအသွင်မှ ဘီလူးသဘက်သဖွယ်ဖြစ်သွားသည်။ မြန်မာနိုင်ငံကို ရခိုင် အရေးနှင့်ပတ်သက်ပြီး နိုင်ငံကြီးများကရော ကုလသမဂ္ဂကပါ ဖိအားကြီးမားစွာ ပေးလာသည်။ အရေးယူပိတ်ဆို့မှုများ ပြန်ကျော့လာနိုင်ဖွယ်ရှိသည်။ အရေးယူပိတ်ဆို့မှုများသည် ယခင်ကလောက် ကြမ်းချင်မှ ကြမ်းမည်ဖြစ်သော်လည်း ပြောမရပါ။ အစိုးရများက ပိတ်ဆို့ခြင်းကို အသာထား၊ မြန်မာကို သပိတ်မှောက် တစ်နည်း မြန်မာကို ပိတ်ဆို့ရန် နိုင်ငံရေးလှုပ်ရှားသူများက လှုံ့ဆော်နေသည့် အန္တရာယ်လည်းရှိသည်။ မြန်မာနိုင်ငံသို့ ဘောလုံးအားကစားမြှင့်တင်ရန် လာရောက်သည့်ဘောလုံးအသင်းကိုပင် မသွားအောင် ကန့်ကွက်နေကြသည်။ မြန်မာ့ထုတ်ကုန်များ ပြည်ပတွင် ရောင်းမရအောင် လှုပ်ရှားနေကြသည်များလည်း နောင်တွင် အရှိန်ပိုမြင့်လာဖွယ်ရှိသည်။ ခြုံပြောရလျှင် မြန်မာက တံခါးဟင်းလင်းဖွင့်လိုက်ပြီဖြစ်သော်လည်း ပြည်ပက တံခါးပိတ်ရန် ကြိုးစားနေခြင်း။ အကြောင်းရင်းကို မဝေဖန်လိုသော်လည်း ရလဒ်မှာမူ မြန်မာအတွက်ရော နိုင်ငံတကာအတွက်ပါ ကောင်းမည်မဟုတ်ပါ။ နိုင်ငံတကာစနစ်ကို ပြောင်းပစ်မည်ဟု အများအပြားက ယူဆနေသော တရုတ်နိုင်ငံသည် တံခါးပွင့်လာပြီဖြစ်သော်လည်း နိုင်ငံရေးစနစ်အရ အချို့နေရာတွင်တံခါးပိတ်နေဆဲဖြစ်သည်။ တံခါးတချို့တစ်ဝက် ပိတ်နေဆဲဖြစ်သော တရုတ်နိုင်ငံ၏ အိမ်နီးချင်းမြန်မာကို တံခါးပိတ်လျှင် မြန်မာအတွက်ရော နိုင်ငံတကာစနစ်အတွက်ပါ ကောင်းမည်မဟုတ်။

မြန်မာဘာလုပ်မလဲ

ပြည်ပက တံခါးပိတ်ရန် ကြိုးစားချက်များရှိလာရာ မြန်မာအနေနှင့် ဘာလုပ်သင့်သလဲ။

ပြည်ပဖိအားကြီးမားလာသည်နှင့်အမျှ သဘာဝကျစွာပင် ပြည်ပကို မုန်းတီးလာသည်များရှိသည်။ ပြည်ပဖိအားများသည် အချို့နေရာများတွင် တစ်ဖက်သတ် ဆန်ကောင်းဆန်မည်ဖြစ်သော်လည်း ပြည်ပကို ရွံမုန်းခြင်းသည် အဖြေမဟုတ်ပါ။ မြန်မာတို့အနေနှင့် တံခါးကို ဆက်ဖွင့်ထားပြီး ပြည်ပနှင့်ဆက်ဆံမြဲတိုင်းဆက်ဆံရမည်။ ကိုယ့်နိုင်ငံအားနည်းသောကြောင့် အနိုင်ကျင့်ခံရသည်ထင်လျှင် ကိုယ့်နိုင်ငံအားကောင်းလာအောင် ပိုပြီးပင် တံခါးကျယ်ကျယ်ဖွင့်သင့်သည်။

ဂျပန်သည် ၁၉ ရာစုအလယ်တွင် အမေရိကန်သင်္ဘောနက်များ ဝင်စီးခံရအပြီးတွင် နိုင်ငံကို ပိတ်မပစ်ခဲ့ပါ။ ဂျပန်သည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် သူ့အကြား အလွန်ကွာဟသွားသည်ကို သိသွားသဖြင့် တံခါးဖွင့်ကာ အမီပြန်လိုက်ခဲ့သည်။ ၂၀ ရာစုအစ ၁၉၀၅ ရုရှား- ဂျပန်စစ်ပွဲတွင် ဥရောပအင်အားကြီး ရုရှားကို ဂျပန်က နိုင်လိုက်ခြင်းက ဂျပန်တံခါးဖွင့်ခြင်း၏ ထိရောက်ပုံကိုဖော်ပြသည်။

၁၅ ရာစုအစတွင် တရုတ်သည် နည်းပညာ၊ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု အရာရာတွင် ကမ္ဘာ့ထိပ်ဆုံးနိုင်ငံဖြစ်သည်။ သို့သော် တရုတ်သည် ၁၅ ရာစုအတွင်းတွင် တံခါးပိတ်သည်။ ထို့ကြောင့် တရုတ်သည် အင်အားကျဆင်းသွားပြီး အနောက်တိုင်းသားတို့၏ တရုတ်ဖရဲသီးစိတ်ခွဲခြင်းကို ခံလိုက်ရသည်။ ၁၉၄၉ တရုတ်နိုင်ငံ ပြန်လည်ထူထောင်အပြီးတွင်လည်း တံခါးကို ပိတ်ထားသေးသည်။ တိန့်ရှောင်ဖိန် တက်လာအပြီးတွင်မှ တံခါးဖွင့်လိုက်သည်။ တံခါးဖွင့်ခြင်းကြောင့် တရုတ်သည် ခုန်ပျံကျော်လွှားတိုးတက်ခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံအဆင့်သို့ပင် တက်လှမ်းနေပြီဖြစ်သည်။ တရုတ်သည် သူ၏ယခင်က အမှားကို ပြန်ပြင်လိုက်သည့်အတွက် လုံးဝမမှတ်မိလောက်အောင် တိုးတက်သွားခြင်းဖြစ်သည်။

မြန်မာသည်လည်း တံခါးပိတ်ခြင်းကြောင့် ကမ္ဘာကို မဆိုထားနှင့် အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် နောက်ကျကျန်ခဲ့သည်ဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း တံခါးပိတ်ရန် စဉ်းပင်မစဉ်းစားသင့်။ ပြင်ပအင်အားစုများကိုလည်း ရင်ဆိုင်ယှဉ်ပြိုင်နိုင်ရန်သာ စဉ်းစားသင့်သည်။ ပိတ်လေနောက်ကျန်လေသာဖြစ်မည်။ ထို့ကြောင့် ဖွင့်မြဲတိုင်း ဖွင့်ထားရမည်။ အပြင်ကမ္ဘာမှ ယူသင့်ယူထိုက်သည်များကို ယူရမည်ဖြစ်သည်။

ရခိုင်အရေးကိုကြည့်လျှင်ပင် ပညာအားနည်းသောကြောင့် ယခုကဲ့သို့ နိုင်ငံတကာဖိအားကို ကြီးစွာခံရသလို ပညာအားနည်းသောကြောင့်ပင် ရခိုင်အရေးတွင် ဟာကွက်လွတ်ကွက်အချို့ ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအားနည်းခြင်းသည် တံခါးမဖွင့်ခြင်း မပွင့်ခြင်းတို့မှ မြစ်ဖျားခံသည်။

တံခါးဆက်ဖွင့်ရုံမှတစ်ပါး အခြားမရှိပါ။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *