ဒီမိုကရေစီ – တာဝန်ယူမှု (Democratic Accountability)

ဒီမိုကရေစီအရ မဲဆန္ဒရှင်တွေက သူတို့ရဲ့အစိုးရကို သင့်တင့်တဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်တွေပေးထားပြီး တစ်ဖက်ကလည်း အစိုးရထမ်းဆောင်ရမယ့်မူဝါဒတွေ၊ ရည်မှန်းချက်တွေကို ဘယ်လိုခိုင်ခိုင်မာမာ ထိန်းချုပ်ထားသလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖရန့်စစ်-ဖူကူယားမား (Francis Fukuyama) ဆွေးနွေးထားတာကို ဆက်လက်တင်ပြပါမယ်။

ဘယ်လိုပဲအဓိပ္ပာယ်ကောက်ကောက် ဗျူရိုကရေစီ၊ ဒါမှမဟုတ် အုပ်ချုပ်ရေးယန္တရားရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဆုံးဖြတ်ချက်ချမယ့်လုပ်ငန်း စဉ်တွေကို ကိုယ့်အတွက် အကောင်းဆုံးက ဘာလဲဆိုတာသိတဲ့ ပြည်သူတွေထက် ပိုသိထားတယ်ဆိုတဲ့ ကျွမ်းကျင်သူတွေလက်ထဲ ထည့်ပေး လိုက်တာတော့ မဟုတ်ဘူး။ ရှေ့တန်းရောက်နေတဲ့ တပ်ဖွဲ့တပ်စု ခေါင်းဆောင်တစ်ယောက်ဟာ နောက်တန်းမှာထိုင်နေတဲ့ ဗိုလ်ချုပ်တွေလို မဟာဗျူဟာအကြောင်း မြင်မှာမဟုတ်ဘူး။ ဒီမိုကရေစီမှာ နောက်ဆုံးမတော့ ပြည်သူတွေဟာ ဗိုလ်ချုပ်တွေပဲ။

ဒီမိုကရေစီတာဝန်ယူမှုဟာ နိုင်ငံရေးစနစ် မှန်မှန်ကန်ကန် လည်ပတ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်၊ ဒါမှမဟုတ် ပါဝါကို တရားသဖြင့် အသုံးပြုဖို့အတွက် အာဏာရဲ့နောက်ဆုံး အခြေခံလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ အတင်းအကျပ်လုပ်တဲ့နည်းကိုလည်း သုံးလို့ရတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အဲဒီလိုလုပ်သွားကြတာတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ပါဝါကို အာဏာအဖြစ်ပြောင်းလဲနိုင်ရင် အစိုးရအတွက် ပိုအဆင်ပြေတယ်။ နိုင်ငံသားတွေက စနစ်ရဲ့အခြေခံတရားဝင်မှု၊ တရားသဖြင့် ဖြစ်မှုကို အမှန်တကယ်ယုံကြည်ဖို့၊ ဥပဒေတွေ၊ မူဝါဒတွေကို ကိုယ့်ဆန္ဒအလျောက် လိုလိုချင်ချင်လိုက်နာကြရင် အစိုးရအတွက် လုပ်ရကိုင်ရတာ ပိုကောင်းတယ်။

အင်္ဂလန်မှာ ‘ကိုယ်စားပြုခွင့်မရရင် အခွန်မပေးရေး’ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်။ အစိုးရက လွှတ်တော်အတည်ပြုသလောက်ပဲသုံးလို့ရပြီး လွှတ်တော်ဆိုတာ အဲဒီအချိန်က အချမ်းသာဆုံးအခွန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတယ်။

၁၆၈၉ ခုနှစ်နောက်ပိုင်း ဆယ်နှစ်လောက်ကြာတော့ အစိုးရက ကောက်တဲ့အခွန်ရော၊ အများပြည်သူကြွေးမြီဆပ်နိုင်စွမ်းရော မြင့်မားလာတယ်။

ပြင်သစ်မှာကျတော့ အခွန်ကို အတင်းအကျပ်ကောက်တယ်။ ချမ်းသာတဲ့သူတွေက အခွန်လွတ်တယ်။ စစ်တပ်က အခွန်မပေးချင်တဲ့ လယ်သမားတွေဆီကနေ အခွန်လိုက်ကောက်တယ်။ ပြင်သစ်ရတဲ့အခွန်ဟာ အင်္ဂလန်ရတဲ့အခွန်ရဲ့ အချိုးနည်းနည်းလေးပဲရှိတယ်။ ရလဒ်ကတော့ ပြင်သစ်ပြည်သူ့ဘဏ္ဍရေးစနစ်ဟာ ၁၈ ရာစုမှာ ပြိုလဲသွားခဲ့တယ်။ ဗြိတိန်ကတော့ အခွန်ကောက်တဲ့ အခြေခံခပ်သေးသေးပဲရှိပေမယ့် ပြင်သစ်တော်လှန်ရေးမဖြစ်မီတိုက်တဲ့ စစ်ပွဲတွေမှာ ပြင်သစ်ကို အနိုင်တိုက်နိုင်တယ်။

တရားသဖြင့် လုပ်ဆောင်တယ်၊ ဒါမှမဟုတ် တရားဝင်လုပ်ဆောင်တယ်လို့ ရှုမြင်ခြင်းခံရတာဟာ ထိရောက်ထက်မြက်တဲ့ အစိုးရဖြစ်ဖို့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အစိုးရဆိုတာ အများပြည်သူနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ သူချည်း လုပ်လို့ရတာမဟုတ်ဘူး။ အစိုးရမဟုတ်တဲ့အပိုင်းတွေကိုလည်း အားကိုးပြီးလုပ်ရတယ်။ နှစ်ဆယ်ရာစုနောက်ပိုင်းရောက်မှ အစိုးရက သူ့လုပ်ငန်းတွေကို ပုဂ္ဂလိကဆက်ပြီးလုပ်ခိုင်းတာတို့၊ အစိုးရ-ပုဂ္ဂလိကအစုစပ်လုပ်ကြတာတို့၊ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ဘာသာရေးအဖွဲ့အစည်းတွေကို အားကိုးရတာတို့ကို တီထွင်ပေါ်ပေါက်လာတာဖြစ်တယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ အစိုးရနဲ့ပုဂ္ဂလိက လက်တွဲလုပ်တာ သမိုင်းကြောင်းအရှည်ကြီးရှိတယ်။ ဥရောပမှာ လူဦးရေမှတ်ပုံတင်တာ၊ ဆင်းရဲသားတွေကို အကူအညီပေးတာမျိုးတွေဟာ ခရစ်ယာန်ကျောင်းတော်တွေက လုပ်ခဲ့ကြတဲ့အလုပ်တွေပါ။ ၂၀ ရာစုနှစ်ရောက်မှ အဲဒီအလုပ်တွေကို အစိုးရကလုပ်တာ။ အင်္ဂလိပ်နဲ့ ဒတ်ခ်ျတို့လုပ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်တွေက အစိုးရနဲ့ အပြိုင်လုပ်ခဲ့ကြတာ။ ၁၉၆၁ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားကို အုပ်ချုပ်တဲ့ စစ်အစိုးရဟာ သူ့ရဲ့မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ဆမ်ဆောင်းတို့၊ ဟွန်ဒိုင်းတို့လို ကုမ္ပဏီကြီးတွေလိုသာမက ပုဂ္ဂလိက စေတနာရှင်အဖွဲ့အစည်းသေးသေးလေးတွေထိ ပုဂ္ဂလိကကဏ္ဍကိုပါ အားကိုးအားထားလုပ်ခဲ့ရတာ။

လူတွေချမ်းသာလာပြီး ပညာတတ်လာပြီဆိုရင် နည်းပညာတွေသုံးပြီး သတင်းအချက်အလက်တွေကို ရယူနိုင်လာတဲ့အတွက် အာဏာ သုံးဖို့ ပိုခက်လာတယ်။ လူတွေက သူတို့ဘာသာသူတို့ သူတို့အတွက် စဉ်းစားနိုင်တယ်။ အစိုးရမသိတာတွေ သိတယ်လို့ သဘောပေါက်လာရင် အစိုးရက ထုတ်ပြန်တယ်ဆိုတာနဲ့ပဲ အမိန့်ကို နာခံဖို့ခက်သွားပြီ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်အတွင်း ကမ္ဘာတစ်ဝန်းမှာ ပုံစံတကျဒီမိုကရေစီ ပျံ့နှံ့စေခဲ့တာဟာ လူလတ်တန်းစားတွေ တိုးပွားလာလို့ ကျယ်ပြန့်တဲ့ လူမှုရွှေ့ပြောင်းမှု (Social Mobilization) တွေကြောင့် ဖြစ်ပါတယ်။

ဒီမိုကရေစီတာဝန်ယူမှုဖြစ်လာစေဖို့ ပုံမှန်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးတာမျိုးလို၊ စနစ်တကျ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပေးထား တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ပေးရုံနဲ့ အစိုးရဟာ ပြည်သူလူထုရဲ့ အလိုဆန္ဒတွေကို သေချာပေါက်တုံ့ပြန်ဖြည့်ဆည်းပေးမယ်လို့ အာမမခံ နိုင်ဘူး။ ရွေးကောက်ပွဲတွေ၊ မဲဆန္ဒရှင်တွေဟာ လှည့်စားတာခံရနိုင်တယ်။ အခြေခိုင်အမြစ်တွယ်နေတဲ့ ပါတီတွေပဲရှိနေရင် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးချယ်စရာ သိပ်မရှိဘူး။ မဲပေးတဲ့သူလည်း နည်းနိုင်တယ်။ နှစ်အတော်လေးကြာမှ တစ်ခါမဲပေးတာဟာ ပါတီတစ်ခု အစိုးရတစ်ခုရဲ့မူဝါဒကို ကိုယ်ကြိုက်တယ်၊ မကြိုက်ဘူးလို့ အချက်ပြလိုက်ရာရောက်တယ်။ ဒါပေမဲ့ ကိုယ်တကယ်တမ်းစိတ်ဝင်စားတာက စည်းမျဉ်းစည်းကမ်းအသစ်တွေက ကိုယ့်လုပ်ငန်းကို ဘယ်လိုထိခိုက်သလဲ၊ ကိုယ့်ကလေးတွေရဲ့ကျောင်းမှာ ဆရာကောင်းတွေရှိရဲ့လားဆိုတဲ့ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စတွေပဲ။ သတင်းအချက်အလက်နဲ့ဆိုင်တဲ့ ပြဿနာအတော်ကြီးကြီးမားမားရှိတယ်။

သဘောတရားအရပြောရရင် တာဝန်ယူမှုဆိုတာ မဲဆန္ဒရှင်တွေဆီကနေ အစိုးရဆီကိုသွားရုံသာမက အစိုးရဆီကနေ မဲဆန္ဒရှင်တွေဆီကို ဗျူရိုကရေစီယန္တရားကနေ ပြန်ပြီးစီးဆင်းတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းက ရှည်လျားလို့၊ ပြီးတော့ ရွေးချယ်စရာတွေပေးတဲ့လုပ်ငန်းစဉ်ထဲမှာ အသံဗလံတွေ၊ ဆူညံသံတွေကြားမှာ ကိုယ်ပေးချင်တဲ့ သတင်းစကားတွေ ပျောက်ကုန်တယ်။

ဒီကိစ္စတွေနဲ့ ပြည်သူရဲ့ဆန္ဒကို တုံ့ပြန်တဲ့အစိုးရဖြစ်အောင်လုပ်ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိပါတယ်။ တစ်နည်းကတော့ စောစောကပြောတဲ့ တာဝန်ယူမှုလမ်းကြောင်းကို တိုအောင်လုပ်ပြီး ပြည်သူ့ဆန္ဒကို တိုက်ရိုက်တုံ့ပြန်နိုင်မယ့် အောက်ခြေအကျဆုံးအဖွဲ့ အစည်းကို လုပ်ပိုင်ခွင့်လွှဲပေးလိုက်တာပါ။ ဒါကို အမေရိကန်မှာ ဖက်ဒရယ်လစ်ဇင် (Federalism) ခေါ်ပြီး ဥရောပမှာတော့ (Subsidiarity) လို့ ခေါ်တယ်။

နောက်တစ်နည်းကတော့ အစိုးရဌာနအချင်းချင်း အပြန်အလှန်စောင့်ကြည့်တည့်မတ်ပေးတဲ့စနစ်ပါ။ ပြည်သူတို့ရဲ့အလိုဆန္ဒကို စီမံခန့်ခွဲရေးဘက်က ဖြည့်ဆည်းပေးဖို့ တရားရေးဘက်က ဖိအားပေးတဲ့စနစ်ပါ။ ဥရောပရဲ့ အရပ်ဘက်ဥပဒေစနစ်မှာ အစိုးရကိုတရားစွဲနိုင်တဲ့ အုပ်ချုပ်ရေးတရားရုံးတွေ အဆင့်ဆင့်ရှိကြတယ်။ အမေရိကန်ရဲ့စနစ်မှာ နိုင်ငံသားတွေအနေနဲ့ တရားဥပဒေအတိုင်း လိုက်နာအကောင်အထည်ဖော်ပေးဖို့၊ ဒါမှမဟုတ် တရားဥပဒေအတိုင်း လိုက်နာအကောင်အထည်ဖော်တာကို တားဆီးပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကို တရားစွဲဆိုခွင့်ရှိတယ်။

၁၉၆၄ ခုနှစ်က အမေရိကန်မှာ ပြဋ္ဌာန်းတဲ့ဥပဒေတစ်ခုအရဆိုရင် ဗဟိုအစိုးရဲ့ အဖွဲ့အစည်းတွေက စည်းမျဉ်းစည်းကမ်းတွေ အပြောင်းအလဲလုပ်တော့မယ်ဆိုရင် အများသိအောင် ကြိုတင်ထုတ်ပြန်ပြီး ဝေဖန်အကြံပြုချက်တွေတောင်းယူရတယ်။ ဗဟိုအဆင့်မှာရော၊ ဒေသန္တရအဆင့်မှာပါ ဒီမိုကရေစီနည်းကျပါဝင်မှု မြင့်မားလာစေဖို့ လုပ်တဲ့လုပ်ငန်းစဉ်တွေ ကမ္ဘာအနှံ့ပျံ့နှံ့လာခဲ့ရာမှာ ဘရာဇီးက စောစောစီးစီးတီထွင်ခဲ့တဲ့ ပူးပေါင်းပါဝင်သော ဘတ်ဂျက်စနစ် (Participatory budgeting) လည်း အပါအဝင်ဖြစ်တယ်။

အခုပြောတဲ့နည်းလမ်းတွေအားလုံးက ပြည်သူလူထုရဲ့အလိုဆန္ဒ ကိုဖြည့်ဆည်းဖို့ တွန်းအားပေးနိုင်တယ်လို့ ပြောကြတာပါပဲ။ ဒါပေမဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေ တိုးပွားလာစေမယ့် အလားအလာရှိပြီး နောက်ဆုံးမှာ စနစ်ထဲက အင်အားကြီးတဲ့သူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားစေနိုင်တယ်။ ဖက်ဒရယ်စနစ်ဟာ အမှန်တကယ် အာဏာခွဲဝေဖြန့်ကြက်ပေးတာထက် အစိုးရအဆင့်ဆင့်ထပ်တိုးအောင် လုပ်ပေးသလိုဖြစ်နေတာကို မကြာခဏတွေ့ရတယ်။

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆိုရင် ကြေညာချက်ထုတ်ပြီးတော့ အကြံဉာဏ်တွေ ရယူစုစည်းတဲ့နည်းဟာလည်း ကြာလာတဲ့အခါ အဓိပ္ပာယ်မရှိတဲ့ အဆောင်အယောင်အခမ်းအနားတစ်ခုလို ဖြစ်လာတယ်။ ကိုယ့်အကျိုးစီးပွားအတွက် အင်အားကြီးအုပ်စုတွေက လခကောင်းကောင်းပေးပြီး ခိုင်းထားတဲ့ လော်ဘီသမားတွေက ပုံမှန်ဝေဖန်ချက်မျိုးတွေလောက်ပေးတဲ့ စနစ်မျိုးဖြစ်သွားတယ်။

အခုပြောခဲ့တဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေက တာဝန်ယူမှုတိုးပွားစေဖို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ဒီမိုကရေစီနည်းကျဘောင်ဝင်စေဖို့၊ တရား သဖြင့်ဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်ထားကြတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုလုပ်လိုက်တော့ စရိတ်ကုန်၊ စည်မျဉ်းစည်းကမ်းတွေတိုးလာ၊ အစိုးရအလုပ်မတွင်တဲ့အခြေကို ဆိုက်စေတယ်။ နောက်ဆုံးမှာ အုပ်ချုပ်ရေး ယန္တရားအောက်က အဖွဲ့အစည်းတွေ၊ သူတို့အလုပ်ကိုသူတို့ ထိထိမိမိလုပ်နိုင်ဖို့ လိုအပ်တဲ့လွတ်လပ်ခွင့်ကို လုယူလိုက်ရာရောက်သွားစေတယ်။

မြင်သာထင်သာရှိလွန်းသွားပြန်ရင်လည်း ဆုံးဖြတ်ချက်ချဖို့ ခက်ပြန်တာ အမေရိကန်လွှတ်တော်ကို ကြည့်ရင်သိနိုင်တယ်။ ပါတီအချင်းချင်း တစ်ခုနဲ့တစ်ခု အပြန်အလှန်တိုက်ခိုက်ကြရာမှာ အသုံးချဖို့အတွက် တာဝန်ယူမှုကို လက်နက်အသစ်တစ်ခုအနေနဲ့ အသုံးပြုကြမယ်ဆိုရင်တော့ မူလရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး။ လုပ်ဆောင်နေတာတွေကို အသေးစိတ်စောင့်ကြည့်ပြီး လုပ်ပုံကိုင်ပုံညံ့တာနဲ့ အပြစ်ပေးရမယ်ဆိုရင်လည်း ‘တုတ်ပြတာဝန်ယူမှု’ (Sanction based  Accountability) ဖြစ်သွားပြီး သစ္စာစောင့်သိမှုထက် အကြောက် တရားကို အခြေခံတဲ့ ခေတ်သစ်တေလာစနစ် (Modern Version  of Taylorism) ကို ဖြစ်စေနိုင်တယ်လို့ ဖူကူယားမားက ဆိုပါတယ်။ ဘေးကနေ သေသေချာချာစောင့်မကြည့်ရင် အလုပ်သမားတွေဟာ သူတို့အလုပ်ကိုသူတို့ သေသေချာချာလုပ်ကြမှာမဟုတ်ဘူးလို့ ယူဆတဲ့စနစ်ကို အသက်သွင်းလိုက်ရာ ရောက်မယ်။ တရားဝင်ဖြစ်ဖို့ ရည်ရွယ်တာဖြစ်မလာဘဲ ပိုညံ့တဲ့အစိုးရသာ ဖြစ်သွားစေနိုင်တယ်လို့ ဖူကူယားမားက သုံးသပ်ထားတယ်။

ဒီမိုကရေစီတာဝန်ယူမှုတိုးပွားဖို့ တာဝန်ယူတဲ့ ယန္တရားတွေ မြင်သာထင်သာရှိအောင်လုပ်တာတွေနဲ့ပဲ မပြီးဘူး။ ဘယ်အချိန်ဘယ်အခါဖြစ်ဖြစ် ရလဒ်ကောင်းတွေပေါ်ထွက်ဖို့၊ ဘယ်စည်းမျဉ်းစည်းကမ်းမျှ မပြည့်စုံဘူးလို့ ကွန်ဖြူးရှပ်စ်ဝါဒီတွေပြောတာ မှန်တယ်။ အရေးကြီးတဲ့ ‘ယုံကြည်မှု’ (Trust) ဆိုတာရှိဖို့ လိုအပ်တယ်။

နိုင်ငံသားတွေက အစိုးရဟာ အများအားဖြင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်တွေချမှတ်မယ်လို့ ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ အစိုးရဘက်ကလည်း ပြည်သူတွေရဲ့အလိုဆန္ဒကို တုံ့ပြနြjဖည့်ဆည်းပြီး ကတိတည်ဖို့ လိုတယ်။ ဒါမှလည်း အစိုးရအပေါ်ယုံကြည်မှု တိုးပွားလာမှာ ဖြစ်တယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်တွေရှိတဲ့ ဗျူရိုကရေစီယန္တရားဆိုတာ နိုင်ငံသားတွေနဲ့ တံတိုင်းခြားထားတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းနဲ့ တစ်သားထဲဖြစ်နေပြီး လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနေတာဖြစ်တယ်။ အစိုးရအပေါ် ယုံကြည်မှုကြောင့် ထိရောက်တဲ့အစိုးရ ဖြစ်လာစေပြီး အပြန်အလှန်အားဖြင့် အားလုံးယုံကြည်မှု တိုးပွားလာစေတယ်။

အရည်အသွေးနိမ့်တဲ့ အစိုးရမျိုးဟာ နိုင်ငံသားတွေကို မယုံကြည်စိတ်တွေ ဖြစ်ပေါ်လာစေပြီး အစိုးရဟာ သူ့အလုပ်တွေကို ပီပီပြင်ပြင်လုပ်ဖို့ လိုအပ်တဲ့ စွမ်းအားစုတွေ၊ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုလိုချင်ချင် လိုက်နာမှုတွေ ရရှိမှာမဟုတ်ဘူး။ ထိုက်သင့်တဲ့အာဏာမရှိတဲ့ အစိုးရဟာ သူ့ဆန္ဒအတိုင်းဖြစ်အောင် လူတွေကိုအတင်းအကျပ်ခိုင်းရတဲ့အဆင့်ကို ရောက်သွားစေတယ်။ နိုင်ငံရေးစနစ်တွေဟာ ယုံကြည်မှုနိမ့်တဲ့အဆင့်က မြင့်တဲ့အဆင့်ကို ရောက်ဖို့ထက် မြင့်ရာက နိမ့်ရာကိုဆင်းဖို့က ပိုလွယ်ပြီး ဒါမျိုးကို ကမ္ဘာမှာ မကြာခဏတွေ့ရတယ်။

နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေ တိုးပွားလာရင်လည်း အစိုးရတွေဟာ ယုံကြည်မှုမြင့်တဲ့အဆင့်ကနေ ယုံကြည်မှုနိမ့်တဲ့ အဆင့်ကို ထိုးဆင်းသွားတတ်ကြတယ်။

နောက်ဆုံးမတော့ အစိုးရတစ်ရပ်ရဲ့ ထိရောက်ထက်မြက်မှုဆိုတာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရယ်၊ သူ့ရဲ့ စွမ်းရည်ရယ်ပါပဲ။

အစိုးရတွေဟာ သူတို့ရဲ့အလုပ်တွေကို မှန်မှန်ကန်ကန်လုပ်နိုင်ဖို့ အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဘဏ္ဍာရေးအရင်းအမြစ်တွေကို အဖွဲ့အစည်းဆိုင်ရာအရင်းအနှီး (Organizational Capital နဲ့ အတူ လိုအပ်တယ်။

ဒီမိုကရက်လူ့အဖွဲ့အစည်းမှာ ပင်ရင်းကနေ အဖျားမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို လက်ရှိစွမ်းရည်နဲ့ ကိုက်ညီတဲ့ လွတ်လွတ် လပ်လပ်လုပ်ပိုင်ခွင့်တွေပေးဖို့လိုတယ်။ ဒီလိုအဆင့်မျိုးရောက်ဖို့ ဘယ်လက်ရှိအစိုးရကမှ နေ့ချင်းညချင်း ကူးပြောင်းနိုင်မှာမဟုတ်ဘူး။ အများအားဖြင့်တော့ နိုင်ငံရေးအရ ရုန်းကန်မှုတွေကြားထဲမှာ ဟိုနားတစ်ကွက်၊ သည်နားတစ်ကွက်ပဲဖြစ်တတ်တယ်။ ပန်းတိုင်ရောက်ဖို့ဆိုတာ က ခရီးအရှည်ကြီး။ 

 

ခင်မောင်ညို(ဘောဂဗေဒ)

(ညွှန်း – Democratic Accountability by Francis Fukuyama)
၁၅-၀၄-၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *