အရာရာချိတ်ဆက် အင်တာနက် (Internet of Things-IoT) နဲ့ ပြည်သူ့ရေးရာ မူဝါဒ

အင်တာနက်ဆိုတာ ဘာလဲ။ လူတွေကို တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နိုင်အောင်လုပ်ပေးထားတဲ့ ဆက်သွယ်မှုကွန်ရက်လို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ အခုက IoT လို့ခေါ်တဲ့ Internet of  Things  (အရာဝတ္ထုတွေ ချိတ်ဆက်တဲ့ အင်တာနက်) လို့ ဆိုလာတယ်။ လူတွေတင် မဟုတ်တော့ဘူး။ သက်မဲ့အရာဝတ္ထုတွေက ချိတ်ဆက်၊ သတင်းတွေ ဖလှယ်နေကြတဲ့ကိစ္စ ရှိလာနေပါပြီ။ အရာဝတ္ထုတွေရဲ့ ချိတ်ဆက်မှုအသစ် (new network of things) လို့ ဆိုရပါလိမ့်မယ်။ ဒါကိုနားလည်လွယ်အောင် ဥပမာပေးရှင်းပြဖို့တော့ လိုအပ်ပါမယ်။

ဆိုပါစို့။ ကျွန်တော်က ကားတစ်စီးကို မောင်းနေမယ်။ အဲဒီအချိန်မှာ ကားရဲ့စက်လည်ပတ်ပုံကို ကားထဲက ကွန်ပျူတာက ချိတ်ဆက်သတင်းယူနေပါတယ်။ အကယ်၍ ဆီနည်းလာရင် ဒိုင်ခွက်မှာပြမယ်။ ကားဗွေဖောက်လာတယ်။ စက်က ပြဿနာရှိနေပြီဆိုရင်တော့ ကားအင်ဂျင်တုံးပုံစံကလေး မီးပါပြပါလိမ့်မယ်။ နောက်တစ်ခါ ဂြိုဟ်တုမြေပုံ (GPS) ချိတ်ဆက်မှုတွေ တွဲလာတဲ့အခါ ဒီကားခိုးခံရရင်တောင်မှ ဘယ်နားရှိနေသလဲဆိုတာ သိနိုင်ပါပြီ။ ကျွန်တော်တို့က ဆက်သွယ်ချိတ်ဆက်မှု နည်းနေတဲ့အချိန်မှာတော့ ပြဿနာမဟုတ်ပါဘူး။ ချိတ်ဆက်မှု ရှိနေတဲ့အခါ၊ ချိတ်ဆက်မှု မြင့်မားလာတဲ့အခါ ကားပြင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း ကားပြင်ရုံက သိပါလိမ့်မယ်။ ကားပြင်ရုံက ခင်ဗျားကားကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပြီဆိုတာ ဖုန်းခေါ်လာပါလိမ့်မယ်။ အဲဒီလို ကားထဲက ချို့ယွင်းတဲ့အစိတ်အပိုင်းသတင်းဟာလည်း မူရင်းကားကုမ္ပဏီဆီကို အလိုအလျောက် ရောက်သွားပါလိမ့်မယ်။ အဲဒီအခါ ကားကုမ္ပဏီက နောက်ကားမျိုးဆက်တွေထုတ်တဲ့အခါ ဘယ်လိုစနစ်ကို ပြင်ဆင်ရမယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ သူ့ရဲ့ ဒီဇိုင်း၊ ထုတ်လုပ်ရေးလိုင်း၊ ဈေးကွက်စတဲ့နေရာတွေမှာပါ ဒီလိုအစိတ်အပိုင်းတွေကိစ္စအတွက် သတင်း အချက်အလက်ပေးတာ၊ စုဆောင်းတာ၊ ထုတ်လုပ်တာ စသည်ဖြင့် လုပ်ငန်းတစ်ခုလုံး (Industry) ကို သတင်းပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒီကိစ္စဟာ IoT ထဲက နမူနာတစ်ခုပါ။

အခု အချိန်မှာ ကျွန်တော်တို့ လက်ပတ်နာရီလိုမျိုး လက်မှာဝတ်တဲ့ Gadget လက်ပတ်စက်ကိရိယာလေးလိုတွေ ရှိလာပါတယ်။ ဒီစက် ကလေးတွေက ကျွန်တော်တို့လမ်းလျှောက်ရင် လျှောက်လို့၊ နှလုံးခုန်ရင်ခုန်လို့၊ သွေးတိုးရင်တိုးလို့ စသည်ဖြင့် အချက်အလက်တွေကို စောင့်ကြည့် လေ့လာနေပြီး မှတ်တမ်းတင်ထားပါတယ်။ ကျွန်တော်တို့ ကိုယ့်ကျန်းမာရေး ကောင်း-မကောင်း စောင့်ကြည့်နေနိုင်တာပေါ့။ ဒါပေမဲ့ ပိုလို့ ချိတ်ဆက်မှု ရှိတဲ့အခြေအနေဆိုပါစို့။ မနက်ခင်းတစ်ခုမှာ ခင်ဗျားနှလုံးက ဖောက်ပြီ ဆိုပါစို့။ ဒီသတင်းကို သူပုံမှန်ပြနေတဲ့ ဆေးရုံဆီကို သတင်းပို့လိုက်ပါ လိမ့်မယ်။ ဆေးရုံကလည်း သတင်းလက်ခံရရှိပြီ ဆိုတာနဲ့ လူနာတင်ကားကို သူ့လိပ်စာကို လွှတ်လိုက်မှာပါ။

ပြောရရင် အရာဝတ္ထု (Things ရယ်၊ အာရုံခံစနစ် (Sensor) ရယ်၊ ဆက်သွယ်မှု (Communication) ရယ် ပေါင်းစပ်လာတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေတွေက ပြောင်းလဲဖြစ်ပေါ်နေပါပြီ။ ဆက်သွယ်မှု နည်းတာရယ်-များတာရယ်ပဲ ကွာခြားပါလိမ့်မယ်။ ဒီလိုအခြေအနေတွေက လူတို့အတွက် ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အဆင်ပြေလွယ်ကူမှု (Comfort)၊ သက်သောင့်သက်သာဖြစ်မှု (Convenience)၊ အသိဉာဏ်ပညာ (Wisdom) ကို ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒါအပြင် တစ်ခုခုဖြစ်မယ်ဆိုရင် စောစီးစွာသတိပေးမှုစနစ် (Early  Warning System) လည်း ဖြစ်လာစေမယ်ဆိုပါတယ်။

ဒီနေရာမှာ အခုလို အာရုံခံစနစ် (ဆင်ဆာ) ဆီကနေ သတင်းအချက်အလက်ပေါင်းများစွာ စီးဆင်းနေပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်ဖို့ Big Data (ဒေတာသတင်းအများအပြားကို ထိန်းသိမ်းစီမံနိုင်တဲ့စနစ်) လိုအပ်လာပါတယ်။ တစ်ခါ အဲဒီအမြောက်အမြားသော ဒေတာတွေကမှတစ်ဆင့် စက်မှုလုပ်ငန်း (Industry)၊ လုပ်ငန်းခွင် (Workplace)၊ လိုအပ်တဲ့ကျွမ်းကျင်မှု (Skills) အတွက် အသိဉာဏ်ပညာတွေ ဖြစ်လာစေပါတယ်။

Microsoft Word – IoT and Policy

အာရုံခံစနစ်တွေကနေ သတင်းအချက်အလက်ဒေတာ (သတင်းအချက်အလက်) တွေ ဖြစ်လာစေပါတယ်။ အဲဒီကနေမှ သတင်း (Information) ကို ပေးပါတယ်။ ဒီသတင်းတွေကို သေချာစိစစ် ထုတ်နုတ်တဲ့အခါ ဗဟုသုတ (Knowledge) ဖြစ်လာစေပါတယ်။ ဒီဗဟု သုတတွေကို လူသားမျိုးနွယ်တစ်ရပ်လုံး ကောင်းကျိုးအတွက် အသုံးပြုနိုင်တဲ့အခါ ကြီးမားသော ဉာဏ်ပညာ (Wisdom) ဖြစ်ပေါ်လာစေပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုကို အထက်ပါပုံနဲ့ ရှင်းပြကြပါတယ်။

အဲဒီတော့ ဒီကိစ္စတွေက အစိုးရတွေ၊ ပြည်သူအများနဲ့ဆိုင်တဲ့ကိစ္စတွေအတွက် ပြဿနာမရှိလာဘူးလားလို့ စဉ်းစားစရာရှိပါတယ်။ ရှိနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးလုံခြုံမှု (Privacy) ကိစ္စတွေအတွက် ပြောဆိုစရာရှိလာပါတယ်။ တလောကပဲ ဖေ့စ်ဘွတ်ခ် (Facebook) က သတင်း တွေ ပေါက်ကြားတယ်ဆိုတာမျိုး စိုးရိမ်တကြီးရှိခဲ့ကြပါတယ်။ အခုခေတ်က ဖုန်းတွေကအစ စမတ်ဖုန်းတွေဖြစ်လာတဲ့အခါ၊ ဖုန်းက ဆက်သွယ်မှုဧရိယာ ရောက်တာနဲ့ ဘယ်လိုသတင်းအချက်အလက်တွေကို ဘယ်လို App (အက်ပလီကေးရှင်း) တွေက သူ့မိခင်ကုမ္ပဏီဌာနကို သတင်းပြန်ပို့နေတယ်ဆိုတာတွေ ခန့်မှန်းမရနိုင်ပါဘူး။ ဒီအခါ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ပဲ သက်ဆိုင်တဲ့လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာတွေလည်း ရှိလာပါတယ်။

တစ်လောက အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက တရုတ်ဖုန်းတွေ ဖြစ်တဲ့ ဟွာဝေး၊ ZTE ဖုန်းတွေဟာ လုံခြုံရေးအတွက် စိုးရိမ်စရာ ပြဿနာရှိတယ်၊ မူရင်းနိုင်ငံဆီကို သတင်းတွေပြန်ပို့နေတယ်လို့ သတိပေးခဲ့ပါသေးတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အစုရှယ်ယာပါဝင်နေတဲ့ ဟွာဝေးကုမ္ပဏီဟာဆိုရင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ၁၀ ရာခိုင်နှုန်းအထိ ထိုးဖောက်နေရာယူထားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် ဆီးနိတ်ကြားနာပွဲမှာ အက်ဖ်ဘီအိုင်ဒါရိုက်တာ ခရစ္စတိုဖာရေး (Christopher Wray) က “နိုင်ငံရပ်ခြား အစိုးရများပိုင်ဆိုင်တဲ့၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေကို မျှဝေခံယူခြင်းမရှိတဲ့ ကုမ္ပဏီ၊ အစုအဖွဲ့တွေကို ကျွန်တော်တို့ရဲ့ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကွန်ရက်အတွင်း အာဏာရရှိနိုင်တဲ့ အခြေအနေပေးလိုက်ရင် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေက အထူးစိုးရိမ်ဖွယ်ဖြစ်ပါတယ်” လို့ ထွက်ဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ဟွာဝေးကုမ္ပဏီကတော့ သူတို့ဖုန်းတွေကို နိုင်ငံပေါင်း ၁၇၀ က အစိုးရတွေ၊ လူထုတွေသုံးနေကြပါတယ်။ အခြားသော ICT ပစ္စည်းရောင်းချသူတွေနည်းတူပဲ သူတို့ဖုန်းတွေက ပိုလို့ ဆိုင်ဘာလုံခြုံရေးအတွက် ထူးပြီးစိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ချက်လုပ်ပြီး ဆိုခဲ့ပါတယ်။

IoT  လို့ခေါ်တဲ့ အရာရာချိတ်ဆက်အင်တာနက်က သာမာန်ပြည်သူတွေနဲ့ အစိုးရတွေအတွက် များစွာအကျိုးပြုနိုင်ပါလိမ့်မယ်။ စပိန်နိုင်ငံ ဘာစီလိုနာ၊ အမေရိကန်က ချီကာဂို၊ လာစ်ဗေးဂတ်စ်မြို့တော်တွေက IoT နည်းပညာကိုသုံးလို့ ယာဉ်လမ်းထိန်းကျောင်းမှုတွေ လုပ်နေပါပြီ။ လောင်စာစွမ်းအင် လျှော့ချချွေတာရေး၊ ရေပြုန်းတီးမှုလျှော့ချရေးတွေအတွက် ဆောင်ရွက်နေကြပါပြီ။ လော့စ်အိန်ဂျလိစ်မြို့ကလည်း ဒီနည်းပညာ (Sensor တွေ၊ Algorithms တွေ) သုံးလို့ လေထုအရည်အသွေးကို စောင့်ကြည့်လေ့လာတာတွေ၊ သစ်ပင်တွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်လေ့လာတာတွေ ပြုနေပါတယ်။ အမေရိကန်တပ်မတော်ကလည်း စမတ်ဦးထုပ် (Smart Helmet) ကို သုံးလို့ တပ်ဖွဲ့ကို စီမံစောင့်ရှောက်မှုတွေ ပိုကောင်းမွန်အောင် လေ့လာနေပါတယ်။

ဒီနေရာမှာ ပြည်သူ့ရေးရာမူဝါဒအရ အခုလိုအရာဝတ္ထုပစ္စည်းတွေက စုဆောင်းပေးနေတဲ့ သတင်းအချက်အလက်အများကြီးကို ဘယ်သူတွေက ပိုင်ဆိုင်မှာလဲ။ အစိုးရတွေလား၊ ပုဂ္ဂလိက ကုမ္ပဏီတွေလား၊ ကော်ပိုရေးရှင်းတွေလား၊ မေးခွန်းများစွာ ရှိလာပါတယ်။ သူတို့ကိစ္စတွေအတွက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်တာတွေ မပြုနိုင်သေးတဲ့ နယ်ပယ်သစ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှာ ကာလီဖိုးနီးယားအစိုးရက IoT ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းရေးဆွဲခဲ့ပါတယ်။ စမတ်ပစ္စည်းတွေလုပ်မယ်ဆိုရင် လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလုံခြုံမှုနဲ့ လုံခြုံရေး (Security) ကို မထိခိုက်ရလေအောင် ဆောင်ရွက်ဖို့ ဥပဒေပါ။ သိပ်မကြာခင်မှာပဲ အမေရိကန်အထက်လွှတ်တော် (ဆီးနိတ်) ကလည်း The Internet of Things cybersecurity Improvement   Act of 2017  (အရာရာချိတ်ဆက် အင်တာနက် ဆိုင်ဘာလုံခြုံရေး တိုးတက်ကောင်းမွန်စေရေးအက်ဥပဒေ ၂၀၁၇) ကို မူကြမ်းရေးဆွဲဖို့ စိုင်းပြင်းလာခဲ့ပါတယ်။ အဲဒီမှာ ဖက်ဒရယ်အစိုးရက ပစ္စည်းတွေ ဝယ်ယူရေးကိစ္စတွေမှာ စမတ်ပစ္စည်းတွေပါလာမယ်ဆိုရင် လုံခြုံရေးစံချိန်စံညွှန်းတွေပါ ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဥရောပပါလီမန်ကလည်း တယ်လီကွန် ဥပဒေစည်းမျဉ်းတွေကို ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

အခုလို IoT  စမတ်ပစ္စည်းတွေကြောင့် ကမ္ဘာကြီးရဲ့ ချိတ်ဆက်မှုဟာ ပိုလို့နက်ရှိုင်းကျယ်ပြန့်လာမယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ္စည်းတွေကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးကိုလည်း ပိုလို့တိုးတက်မြန်ဆန် ကြီးထွားစေမယ် ဆိုပါတယ်။ တစ်ပြိုင်နက်တည်းမှာ ဖြစ်လာစရာရှိတာက ကျွန်တော်တို့လို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေအဖို့ ဆင်းရဲချမ်းသာကွာဟမှုလို ဒစ်ဂျစ်တယ်ကွာဟမှု ပိုကြီးထွားလာဖို့ရှိပါတယ်။ တစ်ခါတည်းမှာပဲ ကျွန်တော်တို့ရဲ့ မွေးရာပါ အခြေခံလူ့အခွင့်အရေးတွေကို နည်းပညာတွေအောက် ဒူးထောက် အလျှော့မပေးလိုက်ရဖို့ ကိစ္စတွေလည်း မူဝါဒချမှတ်သူတွေအကြား စိတ်ဝင်စားနေကြရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ 

 

အောင်သူငြိမ်း

 

အကိုးအကား – 

  1. CBN News. Stay away from Huawei, ZTE phones, U.S. Intel officials tell consumers. February 14. 2018. https://www.cbsnews.com/news/stay-away-from-huawei-zte-phones-u-s-intel-officials-tell-consumers/
  2. Caitlin Chin, February 26, 2018. Looking ahead to the Internet of Things. Georgetown Public Policy Review.

http://gppreview.com/2018/02/26/looking-ahead-internet-things/

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *