ပဲဈေးကွက် ယာယီအသက်ရှူပေါက်

ဒုက္ခတွင်းနက်အတွင်းမှ မြန်မာပဲဈေးကွက်အတွက် ယာယီထွက်ပေါက်ရှိလာပြီဖြစ်သည်။

အိန္ဒိယအစိုးရက၂၀၁၈ ခုနှစ်အတွင်း ပြည်ပမှခွဲတမ်းစနစ်ဖြင့် ပဲတင်သွင်းမှုကို ဆက်လက်ခွင့်ပြုလိုက်ခြင်းကြောင့် ဖြစ်သည်။

မတ်ပဲတန်ချိန်တစ်သိန်းခွဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ စုစုပေါင်းတန်ချိန်သုံးသိန်း ပြည်ပနိုင်ငံများမှ ဝယ်ယူမည်ဖြစ်သည်။ ပဲစင်းငုံ မည်မျှဝယ်ယူမည်ကို အိန္ဒိယအစိုးရက မထုတ်ပြန်သေးပေ။

“Quota (ခွဲတမ်း) ကြေညာတာပေါ့။ သူတို့နိုင်ငံ (အိန္ဒိယ) ကို တင်သွင်းတဲ့ ပဲကို ဘယ်နိုင်ငံက သွင်းသွင်းပမာဏ ဘယ်လောက်ဆိုတာ သတ်မှတ်တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ရှင်းပြသည်။

ဝယ်ယူမည့် ပဲခွဲတမ်းပမာဏကို အိန္ဒိယအစိုးရက တရားဝင်ခွင့်ပြုမှုမှာ လွယ်ကူလှသည်တော့ မဟုတ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် အမြဲတမ်းအတွင်းဝန်များနှင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများ အကြိမ်ကြိမ် ဆွေးနွေးခဲ့ရသည်။ စာဖြင့်လည်း တရားဝင်အဆိုပြုတောင်းဆိုခဲ့ရသည်။

ပဲခွဲတမ်းပြန်ခွင့်ပြုသဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယထံမှ သကြားပြန်လည် ဝယ်ယူရမည်ဟူသည့် သတင်းများ ကုန်သည်အသိုင်းအဝိုင်းကြားတွင် ထွက်ပေါ်ခဲ့သည်။ ယင်းမှာ မမှန်ကြောင်း ဦးတိုးအောင်မြင့်က ပြောသည်။

ပဲခွဲတမ်းခွင့်ပြုပေးခြင်းမှာ သီးသန့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အိန္ဒိယတွင် သကြားအထွက်နှုန်းကောင်းသဖြင့် မြန်မာနိုင်ငံက ဝယ်ပေးရန် တောင်းဆိုသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာမရှိကြောင်း ၎င်းက ဆိုသည်။

“ပဲကိစ္စ ပဲကိစ္စ သတ်သတ်၊သကြားက သကြားသတ်သတ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွက် သီးခြားပဲခွဲတမ်းသတ်မှတ်ဝယ်ယူပေးရန် တောင်းဆိုထားသော်လည်း အထမမြောက်ခဲ့ပေ။ အိန္ဒိယသို့ ပဲတင်ပို့နေသော နိုင်ငံများအားလုံးကို ခွင့်ပြုသည့် ခွဲတမ်းပမာဏကိုသာ မြန်မာနိုင်ငံက ယှဉ်ပြိုင်တင်ပို့ရမည်။ မည်သို့ ဆိုစေ ဘေးကျပ်နံကျပ်ဖြစ်နေသည့် မြန်မာပဲဈေးကွက်အတွက် အသက်ရှူပေါက်တော့ရသည်။

သို့သော် နောက်ဆက်တွဲလုပ်ငန်းစဉ်များဖြစ်သည့် ပဲဈေးနှုန်း၊ မည်သည့် အချိန်တွင် တန်ချိန် မည်မျှစတင်ဝယ်ယူမည် ဆိုသည့်အချက်များ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

မြန်မာ့ပဲမျိုးစုံသည် အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့ခြင်းကြောင့် အိန္ဒိယက မည်သည့်နည်းလမ်းဖြင့် ဝယ်သည်ဖြစ်စေ အကောင်းလက္ခဏာဆောင်ကြောင်း ပဲကုန်သည်များက သုံးသပ်သည်။

၂၀၁၇ ခုနှစ်က ဩဂုတ်လမှ စတင်ပြီး အိန္ဒိယနိုင်ငံ၏ ပဲထုတ်လုပ်မှုစံချိန်တင်ကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံကို မက်ထရစ် တန်ချိန်နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်းကို မက်ထရစ်တန်ချိန် သုံးသိန်းသာ တင်သွင်းရန် မူဝါဒချမှတ်ခဲ့သည်။

ထို့ကြောင်ပင် အထက်ပါပဲသုံးမျိုးကို ကန့်သတ်ကုန်စည်စာရင်းဝင်သွားပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများသည် အိန္ဒိယနိုင်ငံသို့ ပဲလွတ်လပ်စွာ ပို့ခွင့်မရတော့ပေ။ အကန့်အသတ်ဖြင့်သာ တင်ပို့ခွင့်ရမည် ဖြစ်သည်။

ယင်းမူဝါဒကို ၂၀၁၈ ခုနှစ် မတ်လ၃၁ရက်တွင် ပြန်လည်ဆန်းစစ်မည် ဖြစ်သည်။ သို့သော်၂၀၁၈ ဧပြီလကုန်အထိ ပဲတင်သွင်းခွင့်ခွဲတမ်းနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ၏ တရားဝင်မထုတ်ပြန်ခြင်းကြောင့် မြန်မာပဲလုပ်ငန်းရှင်များ သောကပွားခဲ့ရသေးသည်။

“အိန္ဒိယက ဖွင့်ပေးလိုက်တာ မတ်ပဲနဲ့ ပဲတီစိမ်းပေါ့။ ဘာပဲပြောပြော ကုန်သည်တွေ၊ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအပြင် ဒါနဲ့ ဆက်စပ်တဲ့ ကုန်သည်တွေအတွက် ကောင်းတဲ့လက္ခဏာပါ”ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ဆိုသည်။

အိန္ဒိယနိုင်ငံက ပဲခွဲတမ်း ပြန်လည်ခွင့်ပြုလိုက်သည်နှင့် အေးစက်ငြိမ်သက်နေသော မြန်မာပြည်တွင်းပဲဈေးကွက်နှင့် FOB (ပြည်ပပို့ပဲဈေးကွက်) ချက်ချင်းလှုပ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကြေညာချက်ထွက်ပြီးနောက် မေလ ၅ ရက်တွင် မတ်ပဲတစ်တန်လျှင်(ပြည်တွင်းဈေး) ၃၈၀,၀၀၀၊ ၄၀၀,၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ကျပ်၄၈၀,၀၀၀အထိ ဈေးတက်ခဲ့သည်။ ကျပ်ရှစ်သောင်းဝန်းကျင် ဈေးတက်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများအရ သိရသည်။

FOB (ပြည်ပပို့ဈေး) မှာလည်း မတ်ပဲ Fair Average Quality – FAQ (အရောအနှောကုန်ကြမ်း) ဈေးမှာ အရည်အသွေးအလိုက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ အမြင့်ဆုံး ၃၀၅ဒေါ်လာ ရှိခဲ့ရာမှာ ကြေညာချက်ထွက်ပြီးနောက် မေလ ၇ ရက်တွင် အမေရိကန်ဒေါ်လာ ၃၆၀ အထိ မြင့်တက်ခဲ့သည်။

ပဲတီစိမ်းဈေးမှာ အတက်၊ အကျ အပြောင်းအလဲ နည်းသည်။ ပဲတီးစိမ်းသည် အိန္ဒိယဈေးကွက်တင်ပို့သော်လည်း ရာခိုင်နှုန်း နည်းပါးခြင်းကြောင့် ဖြစ်သည်။ အိန္ဒိယသို့ မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကိုသာ အဓိကတင်ပို့သည်။

ပဲတီစိမ်း FAQ တစ်တန်လျှင် FOB ဈေး ဒေါ်လာ ၆၅၀ ဖြင့် ဈေးငြိမ်သည်။ ပဲစင်းငုံမှာမူ ခွဲတမ်းမည်မျှဝယ်ယူမည်ဟု မကြေညာခြင်းကြောင့် ပဲစင်းငုံနီ တစ်တန်လျှင် အကျဈေးဖြစ်သည့် ကန် ဒေါ်လာ၂၉၀ခန့်ရှိသည်။ ၂၀၁၇ ခုနှစ် မေလက ပဲစင်းငုံနီ တစ်တန်လျှင် FOB ဈေးဒေါ်လာ ၅၀၀ အထိ ရှိခဲ့သည်။

စင်စစ် အိန္ဒိယနိုင်ငံသည် မတ်ပဲစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်များစွာ ရှိခြင်းကြောင့် မြန်မာ၊ ကင်ညာ၊ ဩစတြေးလျ၊ တန်ဇနီးယား၊ ဥဇဘတ်ကစ္စတန် စသည့်နိုင်ငံများမှ အဓိကတင်သွင်းရသည်။

စုစုပေါင်း မတ်ပဲတင်သွင်းမှု ၇၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံထွက် မတ်ပဲ ဖြစ်သည်။ အိန္ဒိယအစိုးရသည် ၂၀၁၇ ခုနှစ်က မတ်ပဲခွဲတမ်း တစ်သိန်းခွဲ ခွင့်ပြုခဲ့ရာတွင် စုစုပေါင်း ၇၀ ရာခိုင်နှုန်းဖြစ်သည့် တန်ချိန်တစ်သိန်းကျော်ကို မြန်မာနိုင်ငံက တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ပဲစင်းငုံဝယ်ယူမှု ၄၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံထွက် ပဲစင်းငုံများ ဖြစ်သည်။ ယခုနှစ်တွင်မူ ပဲစင်းငုံမှာ အလားအလာမကောင်းတော့ပေ။ အိန္ဒိယတွင် ပဲစင်းငုံအထွက်ကောင်းခြင်းကြောင့် ၂၀၁၈ ခုနှစ်တွင် ဝယ်ယူဖွယ် မရှိတော့ပေ။

ပဲစင်းငုံမှာ အိန္ဒိယမဝယ်လျှင် အခြားဈေးကွက်မရှိခြင်းကြောင့် ဆက်လက်မစိုက်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းက အကြံပြုထားသည်။ လက်ရှိထုတ်ပြန်ချက်အရ ပဲသုံးမျိုးတွင် မတ်ပဲတစ်ခုသာ သိသိသာသာ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

“ပဲတီးစိမ်းက အခြားဈေးကွက်တွေသွားတာဆိုတော့ အိန္ဒိယကို သွားတာနည်းပါတယ်။ မတ်ပဲ အဓိက အသွားများတာ။ မတ်ပဲ လိုအပ်ချက်ရှိရင်လည်း မြန်မာနိုင်ငံက အဓိက ဝယ်တာ။ ဒီကြေညာချက် နောက်က လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ စောင့်ကြည့်ရဦးမယ်”ဟု ဦးမင်းကိုဦးက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန်ခြောက်သန်းအထိ ပိုလာခြင်းကြောင့် ပြည်ပမှ တန်ချိန် အများအပြား ဝယ်ယူရန် အလားအလာနည်းသည်။ လက်ရှိဝယ်ယူသည့် အိန္ဒိယက ဝယ်ယူမည်ဆိုထားသည့် ပဲပမာဏမှာ ကုန်သွယ်ဖက်နိုင်ငံများနှင့် မိတ်မပျက်ရန် ဝယ်ယူသည့်သဘောဖြစ်ကြောင်း ပဲကုန်သည်များက ခန့်မှန်းသည်။

အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဈေးနှုန်းမှာလည်း Minimum Support Prices – MSP (အစိုးရကျားကန်ဈေးနှုန်း) အောက်ကျဆင်းနေ ခြင်းကြောင့် တောင်သူများက ဆန္ဒပြလျက်ရှိသည်။ ထို့ကြောင့် ပြည်ပမှ ပဲဝယ်ယူရာတွင် ဈေးနှုန်းကောင်းကောင်းပေး ဝယ်နိုင်ဖွယ် မရှိပေ။

သို့သော် လုံးဝလမ်းပိတ်နေသည်ထက်စာလျှင် ထွက်ပေါက်တစ်ခုတော့ ရမည်ဖြစ်သည်။ အထူးသဖြင့် မတ်ပဲ ဈေးကွက်နှင့် ဈေးနှုန်းပိုကောင်းဖွယ်ရှိကြောင်း ဘုရင်နောင်ကုန်စည်ဒိုင် ပဲကုန်သည်တစ်ဦးဖြစ်သူ ဦးတင်ထွန်းက သုံးသပ်သည်။

“Quota ပွင့်သွားမယ်။ သင်္ဘောတင်လို့လည်း ရပြီ။ သူတို့လည်း စဝယ်ပြီဆိုရင် ဈေးက တက်သွားမယ်။ လက်ရှိ ဈေးကွက်ကတော့ အကုန်လုံးထိနေတာပေါ့။ ဈေးလည်း ကျနေတာ။ လှောင်သမားအားလုံးလည်း ထိနေတယ်။ အိန္ဒိယဈေးကွက်ကိုပဲ မျှော်နေကြတာ”ဟု ၎င်းက ဆိုသည်။

အိန္ဒိယသည် အခြားနိုင်ငံများထက် မြန်မာမတ်ပဲကို အဓိကဝယ်ခြင်းကြောင့် ခွဲတမ်းဝေစုအများဆုံး ရနိုင်သည်။ လက်ရှိမြန်မာနိုင်ငံတွင် မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် လေးသိန်းခွဲအထိ ရှိသည်။ ပဲတီစိမ်းကို တရုတ် အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့နေခြင်းကြောင့် ဈေးကွက်အခက်အခဲ မရှိသေးပေ။

သို့သော် ပဲစင်းငုံမှာ မျှော်လင့်ချက်မဲ့လျက် ရှိသည်။ ပြည်တွင်း၌ ပဲစင်းငုံလက်ကျန်တန်ချိန် တစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းထားပြီး အိန္ဒိယမဝယ်လျှင် ပဲလုပ်ငန်းရှင်များ လက်ထဲတွင် သောင်တင်နေမည်ဖြစ်သည်။

“ပဲစင်းငုံက မစိုက်တော့မှ ပဲအလားအလာ ကောင်းမယ်။ မဟုတ်ရင် ပဲစင်းငုံတွေက ရောင်းလည်း မရောင်းရ၊ နောက်ထပ်လည်း စိုက်ဆိုရင် ဝယ်စရာ ပိုက်ဆံလည်း မရှိဘူး။ ထားစရာနေရာလည်း မရှိဘူး ဖြစ်သွားမယ်” ဟု ဦးတင်ထွန်းကဆိုသည်။

ပြည်ပပဲတင်ပို့မှုကို ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်းစသည့် ဈေးကွက်များသို့ ချဲ့ထွင်နေသော်လည်း တင်ပို့နိုင်သည့် ပမာဏနှင့် ဈေးနှုန်းနည်းပါးသည်။

၂၀၁၇ ခုနှစ် အိန္ဒိယက ပဲသုံးမျိုး မကန့်သတ်မီက မတ်ပဲ (FAQ) တစ်တန်လျှင် FOB အမြင့်ဆုံးဈေး အမေရိကန် ဒေါ်လာ ၇၂၀ အထိရှိခဲ့ပြီး ယခုနှစ်တွင် ကန်ဒေါ်လာ ၃၆၀ သာ ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်သည့်ဈေးနှုန်းများအရ သိရသည်။

ယင်းကြောင့်ပင် အိန္ဒိယဈေးကွက် ပြန်ဖွင့်လှစ်ရန် ပဲလုပ်ငန်းရှင်များက တစာစာ တောင်းတနေခြင်း ဖြစ်သည်။ သို့သော် မလွယ်လှ။ ယင်းကြောင့် အခြားဈေးကွက်သစ်များကို အာရုံစိုက်ရှာဖွေရမည် ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက The Voice ဂျာနယ်သို့ ပြောဆိုထားသည်။

ဦးတင်ထွဋ်ဦးမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

အိန္ဒိယမျိုးနွယ်စုများ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသည့်ဒေသများသို့ ပဲဈေးကွက်ချဲ့ထွင်သင့်ကြောင်း ၎င်းက ဆိုသည်။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၊ ဗြိတိန်၊ မလေးရှား၊ အင်ဒိုနီးရှားသို့ ပဲဈေးကွက် အရောင်းမြှင့်တင်သည့် အစီအစဉ်များ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

သို့ဆိုလျှင် သီးနှံအရည်အသွေးနှင့် ပတ်သက်၍ အထူးဂရုပြုရမည်။ လက်ရှိတွင်မူ မြန်မာနိုင်ငံတွင် စနစ်တကျ သန့်စင်ထားသည့် အရည်အသွေးမြင့် ပဲသည် စုစုပေါင်းတင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။

ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် စနစ်တကျ ဂရုစိုက်ရန်လိုပြီး အရည် အသွေးမြင့်ပဲ (SQ) များ ရောင်းချရန် လိုအပ်သည်။ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်တင်ပို့နိုင်ရေး အစိုးရက အကူအညီပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ဈေးကွက်ပြုသမျှ မနုရစေရန် နှစ်နိုင်ငံအစိုးရအချင်းချင်း နားလည်မှု စာချုပ်ချုပ်ဆိုထားသော ကုန်သွယ်ရေး သဘောတူညီချက်များ အခိုင်အမာရှိရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနှင့် အိန္ဒိယအစိုးရကြား အစိုးရအချင်းချင်း (GtoG) သဘောတူညီမှုဖြင့် ပဲရောင်းဝယ်ရန် ၂၀၁၆ ခုနှစ်ကတည်းက ညှိနှိုင်းနေသော်လည်း လက်ရှိအချိန်အထိ မပြေလည်သေးပေ။ ရေရှည်ဈေးကွက်တည်တံ့ရန် ယင်းသဘောတူညီမှုဖြင့် ရောင်းဝယ်ရန် ပဲကုန်သည်များက ဆန္ဒရှိသည်။

ဈေးကွက်မတည်တံ့ခြင်းကြောင့်လည်း လယ်ယာထွက်ကုန်တွင် အဓိကဝင်ငွေအကောင်းဆုံးဖြစ်သော ပဲမျိုးစုံ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့သည်။

၂၀၁၇-၁၈ဘဏ္ဍာနှစ် ဇန်နဝါရီလစာရင်းများအရ ပဲမျိုးစုံတင်ပို့မှုတန်ဖိုးသည် ကန်ဒေါ်လာ ၇၁၅ သန်းကျော် ရခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ရရှိခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

မည်သို့ဆိုစေ ဒုက္ခတွင်းနက်နေသည့် မြန်မာပဲဈေးကွက်အတွက် ယာယီထွက်ပေါက်တစ်ခု ပေါ်လာပြီဖြစ်သည်။

ယခုထွက်ပေါက်သည် မြန်မာ့ပဲမျိုးစုံ ဈေးကွက်နာတစ်ခုလုံး ပြန်လည်ကောင်းမွန်စေမည့် ဆေးစွမ်း မဟုတ်ပေ။ ရောဂါအထိုက်အလျောက် လျော့ပါးသက်သာရုံသာရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ယခုကဲ့သို့ ဆိုသည်။

“အိန္ဒိယဈေးကွက်ကို အထိုက်အလျောက် ပြန်ပြီးသွားလို့ရရင် သင့်တင့်တဲ့ဈေးနဲ့ ပြန်ရောင်းလို့ရတယ်”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *